ဆမ်ပါအိုလီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မာဆေးလ်အသင်း သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်

ဆမ်ပါအိုလီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မာဆေးလ်အသင်း သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်
Photo : Getty Image
Photo : Getty Image
Published 22 February 2021

မာဆေးလ်အသင်းသည် ချီလီနှင့် အာဂျင်တီးနားအသင်းတို့၏ နည်းပြဟောင်း ဆမ်ပါအိုလီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မာဆေးလ်အသင်းသည် နည်းပြ ဘိုအက်ရှ်နှင့် လမ်းခွဲပြီးနောက် အစားထိုးရန် နည်းပြသစ်ရှာဖွေခဲ့ရာတွင် ဆမ်ပါအိုလီနှင့် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာဆေးလ်အသင်းသည် ဘိုအက်ရှ်ကို ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့သော်လည်း ကစားသမားခေါ်ယူမှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဗယ်လ်ဗာဒီ၊ ဆာရီ၊ ဘင်နီတက်ဇ် စသည့် နည်းပြများကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည့်အတွက် ဆမ်ပါအိုလီကို ချဉ်းကပ်ခဲ့ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆမ်ပါအိုလီသည် ချီလီနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သလို၊ လာလီဂါကလပ် ဆီဗီလာအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

လက်ရှိအချိန်၌ ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းကို ကိုင်တွယ်နေသည့် ဆမ်ပါအိုလီသည် ဥရောပသို့ တစ်ကျော့ပြန်ခြေချရန် ဆန္ဒရှိနေသည့်အတွက် မာဆေးလ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆမ်ပါအိုလီနှင့် မာဆေးလ်အသင်းတို့၏ သဘောတူညီမှုရရှိခြင်းကို အီတလီဘောလုံးကျွမ်းကျင်သူ ရိုမာနိုက စတင်သတင်းပေးခဲ့ပြီးနောက် မာဆေးလ်အသင်းကလည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ မာဆေးလ်အသင်းသည် ဆမ်ပါအိုလီကို ၂၀၂၃ ခုနှစ်အထိ နှစ်ရှည်လက်တွဲသွားရန် သဘောတူညီမှုရယူခဲ့ပြီး မတ်လပထမပတ်အတွင်း အသင်းကို စတင်ကိုင်တွယ်စေရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Most Read

Most Recent