ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို အကြမ်းဖက် ပစ်ခတ်ခဲ့ခြင်းအား ပြင်းထန်စွာ ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များ၊ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းကို သတင်း၊ ဓာတ်ပုံများ နှင့် ဗီဒီယိုများက သက်သေခံလျက် ရှိကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်မဲ့ ပြည်သူများကို စစ်ပွဲအတွင်းရှိ ရန်သူများသဖွယ် သတ်မှတ်၍ ပစ်ခတ်ခြင်း၊ စနိုက်ပါ သေနတ်များဖြင့် ပစ်ခတ်ခြင်းများအပြင် လူနာတင်ယာဉ်များနှင ့် လူနာများအား ကာကွယ်စောင့်ရှောက်သူများကိုပါ ပစ်ခတ်ခဲ့သည်ဟု ကော်မတီထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှုမြောက်ရာ အမိန့်ပေးစေခိုင်းသူများနှင့် ကျူးလွန်ခဲ့သူများကို အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ ပြင်းထန်စွာ အရေးယူနိုင်သည်အထိ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ကျဆုံးသွားသော ပြည်သူနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ကျူးလွန်သူများကို နိုင်ငံ၏ တည်ဆဲဥပဒေ၊ နိုင်ငံတကာ ဥပဒေများနှင့် အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း ၃၈ လမ်းနှင့် ၄၁ လမ်းကြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွဲမှုတွင် အရပ်သားအချို့ သေဆုံးမှုရှိကာ ဒဏ်ရာရသူ ၄၀ ကျော်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
မန္တလေးမြို့မှ လူနှင့် ကုန်သင်္ဘော ထွက်ခွာမည့်အပေါ် CDM ပြုလုပ်နေသည့် ဝန်ထမ်းအချို့နှင့် ဒေသခံ ပြည်သူများ ကန့်ကွက်ဆန္ဒမှုအပေါ် ဖြိုခွဲရာတွင် မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်နှင့် ကျည်အစစ်များ အသုံးပြုခဲ့ကြောင်း ကျည်အခွံများ ကောက်ယူရရှိခဲ့သည့် ဒေသခံအချို့နှင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးကုသမှုပေးခဲ့သည့် လူမှုကူညီရေးအသင်း တာဝန်ရှိသူအချို့ ပြောကြားချက်အရ သိရသည်။
မန္တလေးမြို့တွင် ဆန္ဒပြ ပြည်သူများအား အသက်သေအောင် ပစ်ခတ်မှုအပေါ် အလွန်အမင်း စိတ်သောက ဖြစ်မိကြောင်းနှင့် ပြည်သူအပေါ် အကြမ်းဖက်ခြင်းအား ရပ်တန့်ရမည်ဟု အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။