ရှမ်းပြည်နယ်တောင်ပိုင်းက လည်ချင်စရာ အကောင်းဆုံးမြို့ ၁၀ မြို့

ရှမ်းပြည်နယ်တောင်ပိုင်းက လည်ချင်စရာ အကောင်းဆုံးမြို့ ၁၀ မြို့
ပင်လောင်းမြို့နယ်အတွင်းရှိ ဆန်းကြယ်လှပသော နမ့်မွန်ကြီး ရေတံခွန်တစ်နေရာကို တွေ့ရစဉ်
ပင်လောင်းမြို့နယ်အတွင်းရှိ ဆန်းကြယ်လှပသော နမ့်မွန်ကြီး ရေတံခွန်တစ်နေရာကို တွေ့ရစဉ်
Published 21 February 2021
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် လည်ချင်စရာများနှင့် ပြည့်နှက်နေပြီး သူ့သဘာဝ၊ သူ့အလှနှင့် သူလှပနေခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းဟု ဆိုလိုက်လျှင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ဟူ၍ ခရိုင်သုံးခုရှိသည်။ ရှမ်းပြည်တောင်ပိုင်းခရိုင်သုံးခုတွင် တောင်ကြီးခရိုင်မှလွဲ၍ ကျန်ခရိုင်နှစ်ခုမှာ နယ်မြေအခြေအနေကြောင့် သွားရေးလာရေး အခက်အခဲရှိပြီး တောင်ကြီးခရိုင်အတွင်းရှိ ၁၀ မြို့နယ်တွင်လည် ပတ်ချင်စရာ အကောင်းဆုံးသော မြို့များဖြစ်သည်။

တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်တွင် ရှိကြသော သွားလာလည်ပတ်နိုင်သော နေရာများကို တတ်စွမ်းသရွေ့ မိတ်ဆက်ပေးလိုပါသည်။ အဆိုပါ မြို့နယ်ပေါင်း ၁၀ မြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံ၊ ရေမြေသဘာဝပေါင်းစုံကို သွားရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုများကိုလည်း

လေ့လာနိုင်မည် ဖြစ်သည်။

တောင်ကြီးခရိုင်တွင် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ရှိပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ ပါဝင်သည်။

(၁) တောင်ကြီးမြို့နယ်

ရှမ်းပြည်နယ်မြို့တော်မှာ တောင်ကြီးမြို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယမြောက်မြို့တော်ဖြစ်ကာ အသန့်ရှင်းဆုံး စံပြဆုရရှိထားသော မြို့တော်လည်း ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် နေချင့်စဖွယ် မြို့တော် ၁၀ ခုတွင်လည်း တောင်ကြီးမြို့ပါဝင်ပြီး နိုင်ငံတကာဆုများစွာကိုလည်း ရရှိထားသော မြို့တစ်မြို့လည်း ဖြစ်ပါသည်။ တောင်ကြီးမြို့သည် မြန်မာတစ်နိုင်ငံလုံးတွင် လေထုအသန့်စင်ဆုံးမြို့ဖြစ်ကာ အပူပိုင်းဒေသမှ နွေရာသီအပန်းဖြေရန် လာရောက်၍ နွေရှောင်အပန်းဖြေရန် သင့်တော်သောမြို့လည်းဖြစ်သည်။

တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၄၇၁၂ ပေ မြင့်သော တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပြီး ထင်ရှားသောပွဲတော်မှာ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ဖြစ်သည်။ ချယ်ရီမြို့တော်အဖြစ် နာမည်ကြီးပြီး ဆောင်းရာသီနှောင်းပိုင်းအချိန် တစ်မြို့လုံးချယ်ရီပန်းများ ဝေဆာဖူးပွင့်သည်။

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နှင့် ကျောက်တစ်လုံးကြီးမြို့ဟူ၍ မြို့လေးမြို့ပါဝင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၇၅ ခု၊ ကျေးရွာပေါင်း ၁၇၄ ရွာ ပါဝင်သည်။ တောင်ကြီးမြို့နယ်တွင် လူဦးရေပေါင်းသုံးသိန်းနှစ်သောင်းကျော် နေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀ မျိုးခန့် မှီတင်းနေထိုင်ကြသည်။

တောင်ကြီးမြို့တွင် ထင်ရှားသော နေရာများမှာ တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းရှိ နဂါးတောင်တန်းပေါ်မှ ထင်ရှားသော စေတီတော်များ၊ တောင်ချွန်းနှင့် မြို့ပေါ် အထင်ကရနေရာများဖြစ်သည်။ တောင်ကြီးမြို့ ကက္ကူသွားလမ်းတွင် နမ့်ဗေးရေတံခွန်ရှိပြီး ဟိုပုံးသွားလမ်းတွင် သဘာဝလိုဏ်ဂူအချို့လည်း ရှိသည်။ အေးသာယာမြို့တွင် ရှေးကျသော နောင်အင်စေတီတော်တည်ရှိပြီး ကမ္ဘာ့သယံဇာတ မုံတဝလိုဏ်ဂူတော်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။

ရွှေညောင်မြို့တွင် ထင်ရှားသော အရိပ်မပေါ်မွေတော်ဘုရား၊ လွယ်မိုင်းစဉ်တောင် စေတီတော်တည်ရှိပြီး အံ့သြဖွယ်ရာ အချက်အလက်များနှင့် ပြည့်စုံသဖြင့် သွားရောက်လေ့လာသင့်ပေသည်။ ထို့ ပြင် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရအဖွဲ့က Tourism Village ပြုလုပ်ရန် ကျေးရွာ ၁၀ ရွာကို ရွေးချယ်ထားရာ တစ်ခုအပါအဝင်ဖြစ်သော တောင်နီကျေးရွာ လူရိုးတောင်အနီး၊ နောင်ဘိုကြာကန်သည်လည်း လှပသဖြင့် လာရောက်လည်ပတ်သူများပြားခဲ့သည်။

ကျောက်တစ်လုံးကြီးမြို့သည် ရှေးနှစ်ပေါင်းများစွာကပင် နေထိုင်ကြပြီး ပအိုဝ်းတိုင်းရင်းသားများ၏ ဒေသဖြစ်ပြီး တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် သမိုင်းကြောင်းများကို လေ့လာနိုင်ပေသည်။ ကျောက်တစ်လုံးကြီးမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းမွေတော်စေတီစုများတည်ရှိရာ မွေတော်ကက္ကူဘုရားကိုလည်း သွားရောက်လည်ပတ်နိုင်ပေသည်။

(၂) ညောင်ရွှေမြို့နယ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှေးအကျဆုံးမြို့တော်မှာ ညောင်ရွှေမြို့နယ်ဖြစ်ပြီး တိမ်မြုပ်ပျောက်ကွယ်သွားသော ရှေးဟောင်းမြို့ဟောင်း အတော်များများ ညောင်ရွှေမြို့နယ်မှာ တည်ရှိပါသည်။ သမိုင်းကြောင်းအစဉ်အလာအရ ပျူခေတ်ကပင် လူနေထိုင်မှုရှိခဲ့သဖြင့် တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသမိုင်းဝင်ဖြစ်စဉ်များကို ပြန်လည်လေ့လာနိုင်ပေသည်။

ညောင်ရွှေမြို့သည် ရှေးကစော်ဘွားအုပ်ချုပ်သော မြို့တော်ဖြစ်ကာ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှ သီးခြားထုတ်ပယ်၍ တောင်ကြီးမြို့ တော်ကို အင်္ဂလိပ်များ တည်ဆောက်ထားသည်မှာ နှစ်ပေါင်း တစ်ရာကျော်ပင် ရှိပြီဖြစ်သည်။ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ပထမအများဆုံး ပြည်ပ ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်လေ့ရှိသည့် အင်းလေးကန်တည်ရှိပြီး မြန်မာနိုင်ငံတွင် ပုဂံပြီးလျှင် ဒုတိယအများဆုံး မဖြစ်မနေ လာရောက်လည်ပတ်ရသော ဒေသလည်း ဖြစ်သည်။

အင်းလေးကန် ပတ်ပတ်လည်တွင် တောင်တန်းများဖြင့် ဝိုင်းရံထားပြီး အင်းလေးကန် အနောက်ဘက် တောင်တန်းပေါ်တွင်နေထိုင်သော တောင်ရိုးတိုင်းရင်းသားများ နေထိုင်သော လက်မောင်းကွေးကျေးရွာနှင့် အင်းတိန်ကျေးရွာအုပ်စုအနီးရှိ တောင်ပေါ်ကျေးရွာ ကျားတွန်ကျေးရွာတို့ကိုလည်း လည်ပတ်နိုင်သည်။

ညောင်ရွှေမြို့မှ ကလောမြို့ကို ညအိပ်လမ်းလျှောက်ခရီးစဉ်နှင့် စက်ဘီးစီးခရီးစဉ်များလည်း သွားလာနိုင်ပြီး တောင်တန်းများပေါ်တွင် သွားလာလည်ပတ်ရသော ခရီးစဉ်များလည်း ရှိသေးသည်။

ညောင်ရွှေမြို့နယ်တွင် ညောင်ရွှေမြို့ပေါ်၊ အင်းလေးကန်၊ အရှေ့ဘက်နှင့် အနောက်ဘက် ကန်ပတ်လမ်း၊ မိုင်းသောက်တံတား၊ နန်းပန်လှေဆိပ်နှင့် စျေး၊ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်စေတီတော်၊ ရှေးဟောင်းစံကားကျေးရွာ၊ စံကားရွာအနီးရှိ တာခေါင် ရှေးဟောင်း မွေတော်စေတီစုတို့ကို သွားရောက် လည်ပတ်နိုင်သည်။ အင်းလေးကန်တွင် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်စေတီတော်၊ ရက်ကန်းရုံများ၊ ရှေးဟောင်းစေတီများကို ဖူးမြော်နိုင်ပေသည်။ 

(၃) ကလောမြို့နယ်

ရှမ်းပြည်တောင်ပိုင်းတွင် ဒုတိယမြောက် ပြည်ပခရီးသွားစိတ်ဝင်စားသော မြို့တော်တစ်ခုဖြစ်ပြီး မြို့သေးငယ်သော်လည်းလှပ၍ စိတ်ဝင်စားစရာများ ပြည့်နှက်နေသည်။ ကလောမြို့နယ်သည် ထင်းရှူးမြို့တော် ဟု တင်စားခေါ်ဝေါ်ပြီး ထင်းရှူးပင်များစွာ ပေါက်ရောက်ကာ မြို့တည်ဆောက်ပုံမှာ စမတ်ကျသည်ဟု ဆိုနိုင်သည်။ ကလောမြို့နယ်တွင် လည်ပတ်နိုင်သော နေရာများမှာ တောင်ပေါ်ရှိ နှီးဘုရားကြီး၊ တောင်ပေါ်ဗျူးပွိုင့် ရှုခင်းတည်ရှိရာ ပလောင်တောင်တန်း အလှအပများနှင့် ပလောင်တိုင်းရင်းသားများ၏ နေထိုင်မှု ရိုးရာဓလေ့များ ခံစားနိုင်သည်။ ကလောမြို့တောင်တန်းများပေါ်တွင် လည်ပတ်ခြင်းအားဖြင့် အပေါ်စီး မြင်ကွင်းလှပသော တောင်တန်းဗျူးပွိုင့်ရှုခင်းများကို စိတ်တိုင်းကျ ခံစားနိုင်မည် ဖြစ်သည်။

ကလောမြို့နှင့် ခြောက်မိုင်သာဝေးသော နေရာတွင် အောင်ပန်းမြို့တည်ရှိပြီး စိုက်ပျိုးရေးမြို့အဖြစ် လည်းကောင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးမြို့အဖြစ် လည်းကောင်း အဓိကထင်ရှားသော အောင်ပန်းမြို့ကိုလည်း လေ့လာနိုင်ပေမည်။

(၄) ရပ်စောက်မြို့နယ်

ရှမ်းပြည်တောင်ပိုင်းတွင်တပ်နယ်ဟု တင်စားခေါ်ဝေါ်နိုင်ပြီး ရပ်စောက်၊ ဗထူးတပ်နယ်တွင် တပ်ရင်းတပ်ဖွဲ့များ တည်ရှိသည်။ မြန်မာ့သမိုင်းတွင် တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဇွဲသတ္တိဖြင့် တိုက်ခိုက်ဆောင်ရွက်ခဲ့သော ဗိုလ်မှူးကြီးဗထူးကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့ မြောက်ဘက် တစ်မိုင်အကွာကျော်ရှိ တပ်နယ်မြို့ကို ဗထူးတပ်မြို့ဟူ၍ အမည်ပေး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဗထူးနှင့် ရပ်စောက် ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ရပ်စောက်နှင့် ဗထူးသည် တစ်မိုင်ကျော်သာ ဝေးကွာသဖြင့် နီးနီးလေး ဖြစ်ကြောင်း၊ဆိုလိုရင်းမှာ အဓိပ္ပာယ်အတူတူပင် ဖြစ်ကြောင်း ခိုင်းနှိုင်းသောအရာတွင် သုံးနှုန်းလေ့ရှိကြသည်။

ရပ်စောက်မြို့သည် ငါးမည်ရ မြို့ကလေး ဖြစ်သည်။ မင်းတုန်းမင်းလက်ထက် ကုန်းဘောင် ၁၁ ဆက်တွင် ၁၀ ဆက်မြောက်မင်း၊ ရပ်စောက် စော်ဘွားကြီး အာယုဒီဃကျော် အုပ်စိုးခဲ့ဖူးစဉ်က ရပ်စောက်ကို ရဿဝတီ ဟု ခေါ်ခဲ့သည်။ ရသသည် ကြည်လင်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ရသရှိပြီး ဝတီသည်မြစ်။ သာယာငြိမ့်ငြောင်းဖွယ် စီးဆင်းနေသော မြစ်ကလေးရှိသော မြို့ကို ရပ်စောက်မြို့ဟု ခေါ်သည်။ ထိုစဉ်က ကုန်းဘောင် ၁၀ ဆက်ရ မင်းလက်ထက်တွင် ခြောက်စလွယ်ရသော ရပ်စောက် စော်ဘွားကြီး အာယုဒီဃာကျော် လက်ထက်တွင် ထောင်ပြုမြို့တစ်မြို့ ဖြစ်ခဲ့သည်။ ထောင်ပြုမြို့ဟူသည် စစ်သည်အင်အား ထောင်ဂဏန်း စုထားသော မြို့လေးတစ်မြို့လည်း ဖြစ်သည်။

ပုဂံခေတ် အလောင်းစည်သူ မင်းလက်ထက်တွင် ပိန္နဲပင်ကိုခြေမနှင့်ညှပ်ပြီး ရပ်ရင်းနှင့် စိုက်ခဲ့သဖြင့် “ရပ်စိုက်”ဟု  ဦးစွာဖြစ်ပေါ်ခဲ့ကြောင်း ပါးစပ်စကားရှိသည်။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်သည် ရဲမက် ဗိုလ်ပါများ စုရုံးရသော မြို့ဖြစ်သည့်အတွက် ရပ်စုမြို့ဟု လည်းကောင်း၊ ရပ်စောက်ဟု ဖြစ်ပေါ်လာကြောင်း သိရသည်။ ထို့ကြောင့် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်တို့တွင် ရပ်စိုက်၊ ရပ်စု၊ ရဿဝတီ၊ ယောက်ဆောက်၊ ရပ်စောက်ဟူ၍လည်းကောင်း အသီးသီးပြောင်းလဲလာခဲ့ကြောင်း ဖတ်မှတ်လေ့လာရဖူး သည်။

နောက်ပိုင်းခေတ်တွင် ရှမ်းလိုလောက်ဆောက်ဟု ခေါ်ရာမှ မြန်မာမှုပြုရင်း ယောက်ဆောက်မှ တဖြည်းဖြည်းနှင့် ရပ်စောက်ဟူ၍ ဖြစ်ပေါ်လာကြောင်း၊ ငါးမည်ရ မြို့ကလေးအဖြစ် သိထားရဖူးသည်။

ရပ်စောက်မြို့တွင် ငှက်ကြီးတောင် သာသနာ့နယ်မြေတောင်ပေါ်တစ်ခုသာ လည်ပတ်စရာရှိသည်ဟု ဆိုနိုင်သည်။ ရှေးဟောင်းသမိုင်းဝင် စော်ဘွားကြီးတည်ထားသော ရွှေဘုန်းပွင့်စေတီတော်လည်း တည်ရှိသည်။ ရပ်စောက်မြို့တစ်ဝက်လုံးကို ရင်တစ်ခြမ်းခွဲ၍ တပ်နယ်အဖြစ် သတ်မှတ်ပေးထားသဖြင့် များများစားစား လည်ပတ်စရာမရှိဘဲ တပ်နယ်အများဆုံး မြို့လည်း ဖြစ်သည်။

(၅) ဖယ်ခုံမြို့နယ်

ယခင်က ကယားပြည်နယ်တွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းသို့ သွတ်သွင်းခံရသဖြင့် ဖယ်ခုံမြို့နယ်သည်လည်း ရှမ်းပြည်တောင်ပိုင်းတွင် ပါဝင်လာသည်။

ဖယ်ခုံမြို့သည် အချို့ကရှမ်းဘာသာစကားဖြင့် ဖိုင်ခွန်၊ အချို့က ဖိုက်ခွန်၊ ကယားဘာသာစကားဖြင့် တချို့ တကူမော်လဲ၊ တချို့က သာခွန်၊ ကယန်းဘာသာစကားဖြင့် ပါးသူအောက်ဟု အမျိုးမျိုးသတ်မှတ်ခဲ့သည်။ ဖိုင်ခွန်ဆိုသည်မှာ ဆည်များကိုပိတ်၍ အုပ်ချုပ်သော မင်းစော်ဘွား၊ တကူမော်လဲဆိုသည်မှာ သဖန်းပင်ရွာ၊ ပါးသူအောက် ဆိုသည်မှာ မင်းမျိုးမင်းနွယ်များ နေထိုင်သည့် မြို့နယ်ဟူ၍ အဓိပ္ပာယ် ဖွင့်ကြသည်။ ရှေးကဖယ်ခုံ မြို့နယ်တွင် ကယားလူမျိုး၊ ရှမ်းလူမျိုး၊ ကယန်းလူမျိုးတို့ နေထိုင်ကြကာ ဘီလူးချောင်းရေကိုပိတ်၍ ဆည်ပြုလုပ်ခဲ့သဖြင့် ဖိုင်ခွန်ဟုဆိုခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့တွင် လောပိတဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံအတွက် အဓိကရေအရင်းအမြစ် ဖြစ်သော မိုးဗြဲရေလှောင်ကန်ကို လေ့လာနိုင်သလို ရှေးဟောင်းသမိုင်းဝင် မိုးဗြဲမွေတော်ဓာတ်စစ် ဘုရားလည်း တည်ရှိသည်။

မိုးဗြဲမြို့နယ်တွင် ကယန်းတိုင်းရင်းသား ရှစ်သောင်းကျော် အများဆုံးနေထိုင်ကြကာ ရှမ်းတိုင်းရင်းသား တစ်သောင်းကျော်၊ ဗမာငါးထောင်ကျော်၊ ပအိုဝ်းနှင့် အင်း ၂၀၀၀ ကျော်ရှိပြီး တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြသည်။

မိုးဗြဲထူးခြားချက်မှာ ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်းသားများ အများစုနေထိုင်ကြသဖြင့်ကမ္ဘာမှာပါ ထင်ရှားသော ကယန်း (ပဒေါင်) တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာနိုင်သည်။လည်ပင်း ကြေးကွင်းစွပ်ထားသော ပဒေါင်တိုင်းရင်းသားဟု လူသိများသော ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်းသားများသည် ရှမ်းပြည်တောင်ပိုင်းတွင် ၄၀၀၀၀ ကျော်၊ ကယားပြည်နယ်တွင် ၂၀၀၀၀ ကျော် နေထိုင်ကြကာ လူဦးရေ ၁၃၀၀၀၀ ကျော်သာရှိပြီး ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ မင်နီဆိုးတားပြည် နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ကယန်းလူမျိုးသည် တောင်ပေါ်ဒေသတွင် နေထိုင်သော လူမျိုးဖြစ်ပြီး ကရင်နီလူမျိုးစုနွယ်ဝင် လူမျိုးစုခွဲတစ်ခုဖြစ်ကာ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ(ပဒေါင်)၊ ကခေါင် ဟူ၍ လူမျိုးစုခွဲများ ရှိသည်။

(၆) ရွာငံမြို့နယ်

ရှမ်းတောင်တွင် အလှပဆုံးဒေသတစ်ခုဖြစ်ပြီး ရပ်စောက်မြို့ နယ်၊ ပင်လောင်းမြို့နယ်တို့ပြီးလျှင် တတိယမြောက် နယ်နိမိတ်အကျယ်ဆုံး မြို့နယ်တစ်ခုဖြစ်သည်။ ရွာငံမြို့နယ်တွင် သတ္တုအများအ ပြားထွက်ရှိပြီး သဘာဝတောတောင်အလှအပများ သုံးပုံနှစ်ပုံကျန်ရှိသေးသည်ဟု ဆိုနိုင်သည်။ ပုဂံဘုရင် နရသီဟပတေ့စည်သူမင်း တိုင်းခန်းလှည့်လည်ရာ ထိုနေရာအရောက် နောက်ပါမှူးမတ်များကို ရပ်ငံ့စောင့်ဆိုင်းနေသဖြင့် ရပ်ငံ့ဟု မူလခေါ်တွင်ရာမှ နောင်အခါ ရွာငံဟု အမည်တွင်လာကြောင်း ဆိုရိုးရှိသည်။

မြန်မာမင်းများ အုပ်ချုပ်ပုံစာရင်းအရ ရှမ်းကမ္ဘောဇနယ်စာရင်းတွင် ဘော်နယ်၊ ရွာငံနယ်ဟူ၍ ဖော်ပြထားပြီး ဘော်နယ်ဆိုသည်မှာ ခဲသတ္တု၊ ငွေသတ္တုအရောရာ သတ္တုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ကာ ထိုသတ္တုထွက်ရှိရာ ဒေသကို ဘော်နယ်ဟု ခေါ်ခြင်းဖြစ်သည်။ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာတွင်လည်း သတ္တုအများအပြား ထွက်ရှိပြီး သတ္တုတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ရွာငံမြို့နယ်နှင့် ဘော်ဆိုင်းဒေသတို့တွင် မြင်တွေ့ရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် လည်ပတ်နိုင်သော နေရာများမှာ ယောက်ကော်ဘိုးဘိုးကြီး တည်ထားသော မိန်းမရဲသခင်မတောင်တော်၊ မြသပိတ် ရေပြာကန်၊ တောကျယ်ဘုံ ခုနစ်ဆင့် ရေတံခွန်၊ ဓာတ်ပုံဆရာများ လွန်စွာကြိုက်နှစ်သက်သော နာမည်ကျော် မြင်းမူးကုန်း အလှအပ၊ တပ်ကုန်းကျေးရွာမှ  ငုတ်ချောင်း(ခ) ရေဖြူစမ်း၊ အလယ်ချောင် (၈) ထပ် ရေတံခွန်၊ ကျောက်ခေတ်လူသားများနေထိုင်ခဲ့သော ပြဒါးလင်းဂူ၊ ရေဝင်ဂူ၊ လင်းဝေးဂူ၊ ဝံတွင်းဂူ၊ တလုပ်ချရေတံခွန်၊ ဆည်ကြီးကျရေတံခွန်၊ လယ်ကိုင်း ကျောက်ခေါင်းဂူ၊ ရှမ်းတောင်တွင် အမြင့်ဆုံးဖြစ်သော ပေပေါင်း ၇၇၅၂ ပေ မြင့်သော ရှေ့မြင်နောက် မြင်တောင်တို့ကို သွားရောက်လည်ပတ်နိုင်ပေသည်။

(၇) ပင်းတယမြို့နယ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် လည်ပတ်နိုင်သောနေရာများမှာ ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူတော်နှင့် နတ်သမီးခုနစ်ဖော်ရေချိုးခဲ့သည် ဟုဆိုသော ပုန်းတလုတ်ရေကန်တို့ကို လည်ပတ်နိုင်ပေသည်။ ရွှေဥမင် သဘာဝလိုဏ်ဂူတော် သာသနာ့နယ်မြေတွင် ညောင်ကြတ်ပင်၊ သပြေလုံးပင်တန်းကြီးများ စီတန်းပေါက်ရောက်နေသည်ကိုလည်း လှပစွာမြင်တေ့ရသည်။

(၈၊ ၉၊ ၁၀) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ ပါဝင်ပြီး ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ကြသည်။ တချို့မြို့နယ်များတွင် ရှမ်းတိုင်းရင်းသား အနည်းငယ် ရောနှောနေထိုင်ကြပြီး ဥပမာ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်အစပ်နားရှိ နမ့်ခုတ်ကျေးရွာအုပ်စု အတွင်းရှိ ပုန်းအင်းဒေသတွင် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြပြီး ရိုးရာပုန်းအင်းလှေလှော်ပြိုင်ပွဲ ကျင်းပလေ့ရှိသည်။ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာတွင် လိုင်းကတူး ရေတံခွန်လည်း ရှိသည်။

ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့သည် တောင်ကြီးခရိုင် အရှေ့ဘက်ကျသော မြို့နယ်နှစ်ခုဖြစ်ကာ မြောက်မှ တောင်သို့ သွယ်တန်းလျက်ရှိသည်။

ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်တန်းပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ပေပေါင်း ၈၂၅၀  ပေ မြင့်သော လွယ်မိုင်းတောင်တည်ရှိပြီး လွယ်မိုင်းတောင်ပေါ်တွင် ရှားပါးတောင်ဇလပ်ပန်းပင်များ ရှင်သန်ပေါက်ရောက်ကြသည်။ မဲနယ်တောင်တန်းသည် ပေပေါင်း ၈၆၀၀ မြင့်သည်ဟု ဆိုကြသည်။ လွယ်မိုင်း တောင်ပေါ်တွင် ဘုရားခြေတော်ရာရှိသည်ဟု ယုံကြည်ကြပြီး ရှေးယခင် ၁၉၈၇ ခုနှစ်တွင် လေယာဉ်ပျက်ကျခဲ့ဖူးသော နေရာလည်းရှိကြောင်း သိရသည်။ မဲနယ်တောင်တန်းပေါ်ရှိ လွယ်မိုင်းတောင်သည် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် တည်ရှိသည်။ ထို့ပြင် မဲနယ်တောင်တန်းပေါ်တွင် တည်ရှိသော ကျောက္ကခြားကျေးရွာတွင် ရှေးနှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ခဲ့သော ရှေးဟောင်းတိုင်တစ်ရာ ဘုန်းတော်ကြီးကျောင်းကိုလည်း သွားရောက်လေ့လာနိုင်ပေသည်။

ဆီဆိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ နေထိုင်သော ပန်လွန်ကျေးရွာကို ခရီးသွားလုပ်ငန်းမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှမ်းရိုးရာအစားအစာ ၁၆ မျိုးခန့် လုပ်နိုင်ကြောင်းသိရသည်။ ရှမ်းတိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များနှင့် ပတ်ဝန်းကျင် ရှုခင်းများကို လေ့လာနိုင်မည်။

ပင်လောင်းမြို့နယ်တွင် ပင်လောင်း၊ နောင်တရား၊ ပေါင်းလောင်းဟူ၍ သုံးမြို့ ပါဝင်သည်။

ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် လိန်းလီတံတား၊ ဆန်းကြယ်လှပသော နမ့်မွန်ကြီး ရေတံခွန်၊ ပင်လောင်းမြို့တွင် လုံးနဂါးပတ်ဘုရား၊ အမေကြီး ဝင်္ကပါတောင်၊ ပင်ထိုရေတံခွန်၊ လူသိနည်းသေးသော “ဟား” ရေတံခွန်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဆင်းစင်းရေတံခွန်တို့ကို လည်ပတ်နိုင်သည်။

နိဂုံး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ် ၁၀ ခုရှိ လည်ပတ်စရာ နေရာများကို တင်ပြခဲ့ပြီး ဖြစ်သည်။ ရှမ်းပြည်နယ် အလှအပသဘာဝ တောတောင်ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန်အတွက် တစ်ခါတစ်ခေါက် လာရောက်လည်ပတ်ကြရန် ဖိတ်မန္တက ပြုအပ်ပါသည်။