မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို

မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို
ဓာတ်ပုံ - မင်းသန့်
ဓာတ်ပုံ - မင်းသန့်
Published 17 February 2021
ယဉ်မျိုးသွယ်

မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်အား ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုပြီး အိုးဘိုထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်အား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်မှ တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ‌ဆိုနိုင်ရန် ဖေဖော်ဝါရီ ၁၅ ရက်က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးမျိုးသစ်အား မည်သည့်အကြောင်းရင်းကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုရသည်ကို မသိရသေးသော်လည်း ဖေဖော်ဝါရီ ၁၅ ရက်က ဦးတိုက်လျှောက်ထားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ကာ ရုံးချိန်းကို ဖေဖော်ဝါရီ ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုထား‌ကြောင်း တရားရုံးမှ စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရလက်အောက်တွင် ရှိသော ဝန်ထမ်းများအား၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၊ အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ရက်စွဲဖြင့် ဝန်ကြီးဦးမျိုးသစ်က လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်ထားမှု ရှိခဲ့သည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ ကို တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့အား ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်သဘောမျိုးထားရှိ၍ နောက်တစ်ကြိမ်ထပ်မံထိန်းသိမ်းမှု၌ ဝန်ကြီးဦးမျိုးသစ်သည် ပထမဆုံးတရားစွဲဆိုခံရသူဖြစ်သည်။  

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်မှာမူ ထိန်းသိမ်းခံရခြင်းမရှိဟုလည်း စုံစမ်းသိရသည်။