ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ဖြိုခွင်းခြင်း မပြုလုပ်ဘဲ မှန်ကန်၍ တရားသော နည်းလမ်းဖြင့် အလျင်အမြန် ဖြေရှင်းကြရန် လိုအပ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီက ဖေဖော်ဝါရီ ၁၇ ရက်တွင် သဘောထား ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၁) အရသိရှိရသည်ဟု KIO ဗဟိုကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဏာရယူပြီးသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အရပ်သားဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းသောကြောင့် တစ်နိုင်ငံလုံးတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရကြောင်း KIO ဗဟိုကော်မတီက သဘောထားထုတ်ပြန်သည်။
ပြည်သူအများ၏ ဆန္ဒပြုထုတ်ဖော်သည့် သဘောထားများကို အလေးထားပေးရန်နှင့် တစ်နိုင်ငံလုံးရှိ ဆန္ဒပြုထုတ်ဖော်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ ပစ်ခတ်ဖြိုခွင်းခြင်း မပြုလုပ်ဘဲ မှန်ကန်၍ တရားသောနည်းလမ်းဖြင့် အလျင်အမြန် ဖြေရှင်းကြရန် လိုအပ်ကြောင်း KIO ဗဟိုကော်မတီက သဘောထားထုတ်ပြန်သည်။
ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအား ပိုမိုခက်ခဲရှုပ်ထွေးသွားစေရန် ကြံစည်လုပ်ဆောင်မှုများ၊ မပြုလုပ်ကြရန်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ ထပ်မံမပြုလုပ်ရန် လိုအပ်ကြောင်းလည်း KIO ဗဟိုကော်မတီက သဘောထားထုတ်ပြန်သည်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီး၏ သဘောထားများ၊ နိုင်ငံတကာ၏ တိုက်တွန်းချက်များ၊ အိမ်နီးချင်းနိုင်ငံများ၏ အကြံပြုချက်များအား တန်ဖိုးထားပြီး တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းကြရန်နှင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးကို ကြိုဆိုကြောင်း KIO ဗဟိုကော်မတီက အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။