ကပ်ရောဂါနှင့် အာဏာသိမ်းကာလအတွင်းမှ ရုန်းထစမြိတ်ကျွန်းစုခရီးသွားလုပ်ငန်း

ကပ်ရောဂါနှင့် အာဏာသိမ်းကာလအတွင်းမှ ရုန်းထစမြိတ်ကျွန်းစုခရီးသွားလုပ်ငန်း
Smart Island ရှိ ကျောက်စရစ်ကမ်းခြေကို တွေ့ရစဉ်
Smart Island ရှိ ကျောက်စရစ်ကမ်းခြေကို တွေ့ရစဉ်
Published 14 February 2021
ဇော်မိုးဦး( မြိတ် )

အနောက်ဘက်ပင်လယ်မှ နေဝင်ချိန်အလှအပကို ရင်သပ်ရှုမောဖွယ်ခံစားလို့ရတဲ့ မြိတ်ကျွန်းစုအတွင်းက ကျွန်းတွေဟာကမ္ဘာကျော်တဲ့ ကျွန်းတွေဖြစ်တယ်။ ပင်လယ်ထဲမှာ သီးသန့်တည်ရှိနေတဲ့ ကျွန်းတွေ၊ ကုန်းမြေနဲ့ တစ်ဆက်တည်းရှိနေတဲ့ ကမ်းရိုးတန်းတစ်လျှောက် လှပသောကမ်းခြေတွေ၊ ရေအောက်ရှုခင်းကို ရင်သပ်ရှုမောဖွယ်ခံစားလို့ရတဲ့နေရာတွေ၊ Powder Sand လို့ခေါ်တဲ့ သဲအနုစား သဲလေးတွေရှိတဲ့ ကမ်းခြေတွေ၊ တစ်မူထူးခြားတဲ့ ဆလုံတိုင်းရင်းသားများရဲ့ နေထိုင်မှုပုံစံများကို တစ်နေရာတည်း ခံစားလို့တဲ့ နေရာဟာ ကမ္ဘာပေါ်မှာ မြိတ်ကျွန်းစုတစ်ခုတည်းသာ ရှိလိမ့်မယ်လို့ဆိုနိုင်ပါတယ်။ မြိတ်ကျွန်းစုရဲ့ ခရီးသွားလုပ်ငန်းဟာလွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး ရုန်းထလာတယ်။ ယခင်က ကျွန်းခရီးစဉ်တွေဟာ ကန့်သတ်မှုမျိုးစုံရှိခဲ့သလို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေအတွက် သွားခွင့်မရှိတဲ့နေရာတွေ အများအပြားရှိခဲ့တယ်။

ခရီးသွားလုပ်ငန်း စတင်ဖွံ့ဖြိုးလာတာနဲ့အမျှ ခရီးသွားအေဂျင်စီလေးတွေ အများအပြား ပေါ်ပေါက်လာတယ်။ ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်ခဲ့ပြီး မြိတ်၊ ကော့သောင်းက ဟိုတယ်တွေမှာ လူတွေနဲ့ပြည့်နေခဲ့တယ်။ ခရီးသွားကဏ္ဍစတင်ဖွံ့ဖြိုးလာတာနဲ့ အမျှ ဟိုတယ်များ၊ ဧည့်လမ်းညွှန်များ၊ ပင်လယ်စာ စားသောက်ဆိုင်များ အဓိကအလုပ်ဖြစ်လာကြတယ်။ ယခင်က မထင်မရှားရှိခဲ့တဲ့ ကျွန်းတွေ ထင်ပေါ်ကျော်ကြားလာခဲ့တယ်။ ကျွန်းပေါ်နေဒေသခံများက ခရီးသွားများကို စျေးဆိုင်လေးများ၊ ပင်လယ်စာများရောင်းချပြီး စီးပွားရေးအတန်သင့်ပြေလည်လာကြသလို ဆလုံတိုင်းရင်းသားများမှာလည်း လူတန်းစားအလွှာအမျိုးမျိုးနှင့် တွေ့ဆုံခွင့်ရလာကြတယ်။ ခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန် အနည်းငယ်ရလာသည် ဆိုရုံမျှရှိသေးတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ဒုက္ခပေးနေတဲ့ COVID-19 ကပ်ရောဂါကြီးက အကြီးအကျယ်နှောင့်ယှက်လိုက်ပါတယ်။

ပြည်ပဧည့်သည်များအပြင် ပြည်တွင်းဧည့်သည်များပါ မြိတ်ကျွန်းစုအတွင်း လာရောက်လည်ပတ်မှု ရပ်တန့်သွားတယ်။ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားအေဂျင်စီတွေ မတောင့်ခံထားနိုင်တော့ဘူး။ ၂၀၂၀ ပြည့်နှစ်အစပိုင်းလောက်မှာ မြိတ်ကျွန်းစုခရီးသွားကဏ္ဍဟာ ရုတ်တရက်ရပ်တန့်သွားမတတ် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တိုင်းအတွင်းက ခရီးသွားတွေ အနည်းအကျဉ်းနဲ့ ကျွန်းခရီးစဉ်များဟာ အသက်မျှင်မျှင်လေးကျန်နေတယ်။

ခရီးသွားလုပ်ငန်းတချို့ရပ်နားလိုက်ပေမဲ့ တချို့အေဂျင်စီများက တိုင်းအတွင်းကသွားလို့ရတဲ့ နေရာတချို့ကိုရသမျှ ပို့ဆောင်ပေးပြီး မိမိတို့ရဲ့အလုပ်သမားတွေကိုနိုင်သမျှ ထောက်ပံ့ပေးနေခဲ့ရတယ်။ ကိုဗစ်ကာလမှာ ကျွန်းခရီးစဉ်တွေထက် ကုန်းမြေနဲ့ ဆက်စပ်နေတဲ့ကမ်းခြေတချို့ကို ဦးတည်လာကြတယ်။ ယခင်က လူအသွားအလာနည်းတဲ့ ကျေးရွာတွေအနီးက ကမ်းခြေတွေကိုလူတွေ စိတ်ထွက်ပေါက် ရလိုရငြားသွားနေကြတယ်။

“ကျွန်တော်တို့ရွာကို အရင်ကလူတွေ သိပ်မသိကြပါဘူး။ အခု ကိုဗစ်ကာလမှာ ကမ်းခြေကို လူတွေ အများအပြား လာလည်ကြတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ခရီးသွားတွေချည်းပါပဲ။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကမ်းခြေကိုပိတ်လိုက်၊ အခြေအနေကြည့်ပြီးပြန် ဖွင့်လိုက်လုပ်နေရတယ်။ ဒေသခံတွေကလည်း စျေးဆိုင်လေးတွေ ရောင်းချပြီး အဆင်ပြေလာကြတော့ ကမ်းခြေပိတ်လိုက်တာမျိုး မလိုချင်ကြဘူး” လို့ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ရွာမှ ရာအိမ်မှူးတစ်ဦးက ပြောကြားပါတယ်။

အဆိုပါကမ်းခြေကိုလည်း လူအသွားအလာများလာသည့်အတွက် ပိတ်ပင်မှုများပြုလုပ်ခဲ့ရတယ်။ ဒါပေမဲ့ အဆိုးဆုံးအခြေအနေကို ရောက်သွားတဲ့အကြောင်းရင်းက ဖေဖော်ဝါရီလအစမှာ တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖြစ်စဉ်ပါပဲ။

“ကျွန်တော်တို့ အခုဘာမှလုပ်လို့ မရတော့ဘူး။ အရင်က ကျွန်းခရီးစဉ်တချို့နဲ့ ကမ်းခြေတချို့ကို တိုင်းအတွင်းက ခရီးသွားတွေ အနည်းငယ်သွားနေပေမဲ့ အခုတော့ ခရီးသွားလုပ်ငန်းက လုံးဝအလုပ်မဖြစ်တော့ဘူး။ ဒီအချိန် ဘယ်သူတွေက ခရီးထွက်တော့မလဲ။ အခုရပ်နားထားလိုက်ရပြီ”လို့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောကြားခဲ့ပါတယ်။

မြိတ်ကျွန်းစုခရီးစဉ်များကို မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေသကြီးငါးခုအဖြစ် အကောင်ထည်ဖော်ဖို့ လုပ်ဆောင်နေကြောင်း၊ အလားအလာလည်းအများကြီးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးဟိုတယ် နှင့် ခရီးသွားလာရေးညွန်ကြားရေးမှူး ဦးညိုအေးက ပြောကြားခဲ့တယ်။

“World Tourism မှာ Marine Tourism ကိုသွားနေတာက ရာခိုင်နှုန်း ၆၀ ကျော်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းမှာပဲ စွဲစွဲမြဲမြဲလုပ်နေတာပါ။ Marine Tourism အောင်မြင်ဖို့ဖော်ဆောင်ရမယ့် အချက်တချို့ရှိသလို Marine Tourismနဲ့ဆက်နွှယ်ပြီး ကျွန်းတွေပေါ်က ကျေးရွာတွေဖွံ့ဖြိုးဖို့ဆိုရင် အဓိက CBT ကိုဖော်ဆောင်ပေးရမှာဖြစ်ပါတယ်” လို့ ဦးညိုအေးက ပြောကြားခဲ့ပါတယ်။

လက်ရှိအနေထားမှာ မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေသကြီး လေးခုရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးစတဲ့ ဒေသတွေဟာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသကြီး လေးခုဖြစ်ပါတယ်။ မြိတ်ကျွန်းစုဒေသကိုတော့ အလားအလာအရှိဆုံး ခရီးစဉ်ဒေသအဖြတ် သတ်မှတ်ထားပြီး နိုင်ငံတကာမှာလည်းကြေညာထားပြီးသား ဖြစ်နေပါပြီ။

ကိုဗစ်ကာလအတွင်းမှာကို စတင်ဆောင်ရွက်နေခဲ့ကြပြီး ရောဂါကင်းစင်တဲ့အချိန်ရောက်ပါက ခရီးသွားတစ်ရှိန်ထိုးဝင်ရောက်လာနိုင်တဲ့ ဒေသအဖြစ် တစ်ပြေးနေတာပါ။  ကော့သောင်းခရိုင်အတွင်းက ညောင်ဦးဖီးကျွန်း၊ အသည်းပုံကျွန်း၊ လန်ပိကျွန်း၊ခရင်းခွကျွန်းတွေဟာ ကမ္ဘာကျော်တဲ့ကျွန်းတွေအဖြစ် ရောက်ရှိနေပြီဖြစ်သလို မြိတ်ခရိုင်အတွင်း Smart Island နှစ်ဖက်လှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း၊ လေးကျွန်းစသည့် ကျွန်းများမှာလည်း ထင်ရှားလာနေတယ်။ မြိတ်ကျွန်းစုအတွင်းက ဒုံးညောင်မှိုင်းကျေးရွာမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည့် ကျွန်းအခြေပြုခရီးသွားလုပ်ငန်းတစ်ခုကို COVID-19 ကာလအတွင်းမှာပဲ အခက်အခဲမျိုးစုံကြားကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဖွင့်လှစ်ပေးခဲ့တယ်။ CBT တွေကို တနင်္သာရီတိုင်းအတွင်းမှာဖွင့်လှစ်နေတာက ၂၀၁၈ ခုနှစ်မှာ ထားဝယ်ခရိုင်၊ စမ်းလှမ်းရွာ၊ ၂၀၁၉ ခုနှစ်မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာတွေမှာ ဖွင့်လှစ်ထားနိုင်ခဲ့တယ်။ ထားဝယ်ခရိုင်၊ တီဇစ်ကျေး ရွာတွင်လည်း နေ့ချင်းပြန် CBT ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိအချိန်တွင်တနင်္သာရီတိုင်းဒေသကြီးအတွင်း CBT သုံးခုနဲ့ နေ့ချင်းပြန် CBT တစ်ခုကိုအကောင်အထည်ဖော် ဆောင်ရွက်ထားပြီ ဖြစ်တယ်။ ကော့သောင်းခရိုင်၊မကြုံဂလက်ကျေးရွာမှာလည်း မကြာခင် CBT တစ်ခုပြီးမြောက်တော့မယ်လို့ သိရပြီး ပြည်တွင်းမှာပြင်ဆင်မှုတွေကို လုပ်ထားပြီးသားဖြစ်နေတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့လည်း မြိတ်ကျွန်းစုရဲ့ခရီးသွားလုပ်ငန်း တစ်ရှိန်ထိုးတက်လာနိုင်တာကို သိတဲ့အတွက် ထိုင်းလန်းနီပီရာ့ပ် ဆိုတဲ့ပရော့ဂျက်ကြီးတစ်ခုကို နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေတယ်။

Tourism ကဏ္ဍကို ပိုမိုဖွံ့ဖြိုးဖို့အတွက်အဓိက ဆောင်ရွက်နေတဲ့စီမံကိန်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖက်ဘူရီခရိုင်၊ ပကျော့ခီရီခံခရိုင်၊ ချုံဖွန်ခရိုင်နှင့် ရနှောင်းခရိုင်တို့ဟာ ဒီပရော့ဂျက်ကြီးမှာ ပါဝင်နေတဲ့ ခရိုင်တွေဖြစ်တယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့ အဲဒီလေးခရိုင်ကို လာရောက်လည်တဲ့ ဧည့်သည်တွေကတစ်နှစ်ကို ၁၀ သန်း လောက်ရှိပါတယ်။

“ကျွန်တော်တို့ စီမံကိန်းထဲမှာပါတဲ့ အဲဒီခရိုင်လေးခုကိုလာရောက် လည်ပတ်တဲ့ခရီးသွားတွေကို စီမံခန့်ခွဲပြီး မြိတ်နှင့်ကော့သောင်းဘက်ကို ဆက်လက်ပြီး လည်ပတ်နိုင်အောင်စီစဉ်ပေးမယ်ဆိုရင် ခရီးသွားကဏ္ဍက ဒီထက်ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်”လို့ ထိုင်းနိုင်ငံ၊ ရနှောင်းခရိုင်၊ လက်ထောက်ခရိုင်ဝန် Mr.Chartree Chanvir Achai မှပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို တတိယနိုင်ငံသားများဝင်ရောက် လည်ပတ်ခွင့်ပေးထားတဲ့အတွက် ထိုင်းနိုင်ငံသားများအပြင် တခြားနိုင်ငံမှခရီးသွားအများအပြား ထပ်မံဝင်ရောက်လာဖို့ အများကြီးရှိနေတယ်။ ၂၀၂၀ ဒီဇင်ဘာလအတွင်းက ကော့သောင်းမြို့မှာရှိတဲ့ TZK Travel & Tours ကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် Star Cruise ကုမ္ပဏီတို့ စီစဉ်မှုဖြင့်ခရီးသွား ၃၃၂၃ ဦးပါတဲ့ M.S Genting Dream ၁၈ ထပ်အပျော်စီးသင်္ဘောကြီးမှာ ညောင်ဦးဖီးကျွန်း လာရောက်လည်ပတ်ခဲ့တယ်။ မြိတ်ခရိုင်နှင့် နယ်ချင်းထိစပ်နေတဲ့ ပရာကျော့ခီရီခံခရိုင်ကိုလည်း ကမ္ဘာလှည့်ခရီးသွား သန်းနှင့်ချီပြီး နှစ်စဉ်လာရောက်လည်ပတ်နေတယ်။ အရှေ့ဘက်ပင်လယ်မှာ နေထွက်တာကိုခံစားကြည့်ရှုပြီး အနောက်ဘက် အက်ဒမန်ပင်လယ်မှာ နေဝင်သွားတာကို နေ့ချင်းပြန် ကြည့်ရှုခံစားလို့ရတဲ့ နေရာတစ်ခုကို ကမ္ဘာလှည့်ခရီးသွားတွေအများကြီး စိတ်ဝင်စားနေကြတယ်၊ ပရာကျော့ခီရီခံခရိုင်နယ်စပ်ဂိတ်က အထူးယာယီနယ်စပ်အဆင့်ပဲရှိသေးတဲ့အတွက် မြိတ်ကျွန်းစုဆီကို ကုန်းလမ်းမှ ဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် အခက်အခဲတစ်ခုဖြစ်နေတယ်။ ဒီလမ်းကြောင်းက ခရီးသွားကဏ္ဍကနေငွေတွေ ဒလဟောဝင်လာမယ့် လမ်းတစ်ခုပါ၊ တစ်ဟုန်ထိုး တိုးတက်လာတော့မယ့် မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းက ကိုဗစ်ကာလနောင်းပိုင်းမှာ ဦးမော့လာမည်ဟု တွက်ဆနေတုန်း၊ ဗြုန်းကနဲ. အာဏာထိန်းမှုပါ ထပ်ဖြစ်လာပြန်တော့ ရုန်းထစမြိတ်ကျွန်းစုလေးဟာ တစ်ဖန်ပြန် လည်ငုတ်လျှိုးနေရ ပြန်ပါပြီ။မကြာခင်မှာ အခက်အခဲများကြားက ရုန်းထလာတော့မည့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းဟာ အောင်မြင်လာမယ့် ခရီးသွားလုပ်ငန်းတစ်ခုဆိုတာ တပ်အပ်ပြောနိုင်ပါတယ်..