ကိုဗစ်ကာလ အခက်အခဲနဲ့ လက်ရှိအကျပ်အတည်းကြားက မသန်စွမ်းသူတစ်ဦး၏ဒုက္ခ

ကိုဗစ်ကာလ အခက်အခဲနဲ့ လက်ရှိအကျပ်အတည်းကြားက မသန်စွမ်းသူတစ်ဦး၏ဒုက္ခ
ဉာဏ်ရည်မသန်စွမ်းသူ ကလေးငယ်တစ်ဦး ချည်ပန်းထိုးနေစဉ်
ဉာဏ်ရည်မသန်စွမ်းသူ ကလေးငယ်တစ်ဦး ချည်ပန်းထိုးနေစဉ်
Published 14 February 2021
စည်သာ(တောင်ကြီး)

၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော COVID-19 ရောဂါကြောင့် လူသားအားလုံး ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အလွှာစုံရှိ လူတန်းစားအတော်များများ ခက်ခဲခဲ့ကြတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။

သာမန်လူကောင်းတွေထက်စာရင် သူတစ်ပါးရဲ့ အကူအညီကိုရယူပြီး ရပ်တည်နေကြရတဲ့ မသန်စွမ်းသူများရဲ့ ဘဝတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်နေရတယ်ဆိုတာ ခက်ခဲမှုက နှစ်ဆနီးပါးရှိမယ်ဆိုလည်း မမှားပါဘူး။

မသန်စွမ်းသူများကို အမျိုးအစားခွဲခြားရာမှာ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံချို့ယွင်းသူ၊ ကိုယ်လက်ခန္ဓာ ချို့ယွင်းသူနဲ့ ဉာဏ်ရည်မသန်စွမ်းသူဟူ၍ လေးမျိုးရှိပါတယ်။ ဉာဏ်ရည်မသန်စွမ်းခြင်း၊ မညီမျှခြင်းဆိုတာ ဉာဏ်ရည်နှင့် သက်ဆိုင်သော စွမ်းဆောင်ရည်အချို့ ကန့်သတ်မှုရှိနေခြင်း၊ အခက်အခဲရှိနေခြင်း ဖြစ်ပါတယ်။ ဥပမာ ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးတို့ ဖြစ်ပါတယ်။ ဉာဏ်ရည် မသန်စွမ်းသူများတွင် အမျိုးအစားများစွာရှိပြီး (၁)   AUTISMအော်တစ်ဇင်၊ (၂) ဒေါင်းဆင်ဒရုန်း၊ ADHD(ကြာရှည်စွာ အာရုံမစူးစိုက်နိုင်သော ကလေးများ)၊ (၃) CP (သူငယ်နာအကြောနဲ့ ကြွက်သားအား နည်းရောဂါ) တို့အပြင် (၄) ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသောကလေးများ၊ တိကျသော၊ သတ်သတ်မှတ်မှတ်ရှိ သော ဉာဏ်ရည်မသန်စွမ်းမှုများ (ဂဏန်းသချင်္ာ တွက်ချက်မှုတွင် အခက်အခဲရှိခြင်း၊ လက်ဖြင့် စာရေးသားခြင်း၊ ဂရပ်ဖ်ရေးဆွဲခြင်း၊ အမှတ်အသားပြုခြင်း၊ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားရန်ခက်ခဲခြင်း၊ စကားပြော ခက်ခဲခြင်း၊ အရေးအဖတ်ခက်ခဲခြင်း)၊ Learning Difficulties သင်ယူမှုအခက်အခဲရှိသော ကလေးငယ်များလည်း ရှိကြပါတယ်။

AUTISM အော်တစ်ဇင်

ဉာဏ်ရည်မသန်စွမ်း အမျိုးအစားဖြစ်သော AUTISM အော်တစ်ဇင်များသည် ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေး ခက်ခဲပြီး ထပ်ခါတလဲလဲ တူညီသော အပြုအမူ၊ အလေ့အထရှိသူများ ဖြစ်ပါတယ်။ လူမျိုးဘာသာ၊ ကျား-မ၊ ဆင်းရဲ-ချမ်းသာ၊ နေရာဒေသမရွေး ကမ္ဘာအနှံ့ ဖြစ်ပါတယ်။ ဖြစ်ပွားမှုနှုန်း တစ်နှစ်ထက်တစ်နှစ်များလာကြောင်း သိရပါတယ်။ ထူးခြားသော ရုပ်လက္ခဏာသွင်ပြင်မရှိဘဲ ပုံမှန်ရုပ်ရည်သွင်ပြင်ရှိပါတယ်။ ဘာကြောင့်ဖြစ်မှန်း တိကျသောသုတေသနရလဒ် မရှိသေးကြောင်း သိရပါတယ်။ ရာနှုန်းပြည့်ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးကုထုံးမရှိသေးဘဲ စောစီးစွာသိရှိ၍ စနစ်တကျ လေ့ကျင့်သင်ကြားပါက သိသာသော အကျိုးရလဒ်ရရှိနိုင်မယ်လို့ လေ့ကျင့်သင်ကြားရေး ဆရာဆရာမများက ဆိုပါတယ်။

AUTISM အော်တစ်ဇင်သည် ဦးနှောက်၏ အစိတ်အပိုင်းတချို့ ပုံမှန်မဟုတ်သည့်အတွက် ထိုသူအမြင်အာရုံ၊ အကြားအာရုံ နှင့် ထိတွေ့မှုများကို သိရှိနားလည် နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လူမှုရေး အပြန်အလှန်ဆက်သွယ်မှု ပြောဆိုဆက်ဆံမှုများ ခက်ခဲခြင်းရှိပါတယ်။

ဉာဏ်ရည်မသန်စွမ်းသူများအား စနစ်တကျသင်ကြားပေးရန် လိုအပ်ပြီး စိတ်ရှည်သည်းခံပြီး အကြိမ်ကြိမ် လေ့ကျင့်ပေးရန် လိုအပ်ပြီး နည်းစနစ်တကျ လေ့ကျင့်ပေးရန်လည်း လိုအပ်ပါတယ်။

ပုံမှန်အခြေအနေမှာပင် သင်ကြားရေး၊ ပေါင်းသင်းဆက်ဆံရေး ခက်ခဲမှုရှိတဲ့ဉာဏ်ရည်မသန်စွမ်း ကလေးငယ်များဟာ ကိုဗစ်ကာလ အခက်အခဲအကျပ်အတည်းကာလမှာလည်း အများနည်းတူ ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ မသန်စွမ်းများဟာ မိသားစုအပေါ် မှီခိုနေကြသူအများစု ဖြစ်တဲ့အတွက် မိသားစုအဆင် မပြေခဲ့ရင် သူတို့လေးတွေရဲ့ သွားရေးလာရေး၊ စားရေးသောက်ရေးမှာလည်း အခက်အခဲများစွာရှိကြပါတယ်။

သာမန်လူနဲ့ မတူတဲ့အချက်က ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်း Maskတပ်ဖို့ မကြာခဏ   CP တိုက်တွန်းနှိုးဆော်ခြင်း၊ အတင်းအကျပ် ဖိအားပေးတပ်ခိုင်းခြင်းများ ပြုလုပ်ရတဲ့အတွက် ဉာဏ်ရည် မသန်စွမ်းများမှာ စိတ်ရှုပ်ထွေးခြင်း အခြေအနေများ ကြုံတွေ့ရပါတယ်။ ဒါ့ပြင် ကိုယ်လက်အင်္ဂါချို့ယွင်းသူ များအနေနဲ့လည်း Maskတပ်ခြင်း၊ လက်ဆေးခြင်းတို့ကို သာမန်လူကဲ့သို့ လွယ်လင့်တကူမလုပ်နိုင်ဘဲ အချိန်ပေးလုပ်ဆောင်ရတဲ့အတွက် အပြင်ထွက်ချိန်နည်းသထက် နည်းလာတယ်လို့ ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က ဆိုပါတယ်။

တချို့မသန်စွမ်းများဟာ အိမ်တွင်းမှုလုပ်ငန်း၊ လက်မှုလုပ်ငန်းလေးများ လုပ်ကိုင်ဆောင်ရွက်ပြီး ဝင်ငွေရှာသည့် မသန်စွမ်းများလည်းရှိပြီး ကိုဗစ်ကာလအတွင်း အွန်လိုင်းမှ သင်တန်းများ သင်ယူလာနိုင်ခြင်း၊ ကလေးမိဘများပါ အွန်လိုင်းမှ သင်တန်းများ တက်နိုင်ခြင်းစသော အကျိုးကျေးဇူးများလည်း ခံစားလာရကြောင်း၊ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေကြောင်း သိရပါတယ်။ များသောအားဖြင့် မသန်စွမ်းသူများသည် သာမန်အချိန်မှာပင် ပညာသင်ယူခွင့်နဲ့ အလုပ်အကိုင်ရရှိရေးတို့မှာ အခွင့်အရေးများစွာ ဆုံးရှုံးနေသူများဖြစ်သဖြင့် ကိုဗစ်ကာလမှာ သိပ်ထူးခြားမှုမရှိသော်လည်း မသန်စွမ်းသူများဟာ အုပ်ထိန်းသူမိဘ များအပေါ် မှီခိုနေကြသူများဖြစ်ကြသဖြင့် စီးပွားရေးထိခိုက်မှုမှာ အများနည်းတူ အခက်အခဲများစွာ ကြုံတွေ့မှုများရှိနေကြောင်း ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က ဆိုပါတယ်။

တချို့အိမ်ထဲနေတာများလို့ စိတ်ကျဉ်းကျပ်တာလည်းရှိတယ်။ အိမ်မှာပဲနေတဲ့သူတွေဆိုတော့ သိပ်ထူးခြားမှု မရှိဘူးပေါ့။ ခုအွန်လိုင်း သင်တန်းမျိုးစုံရှိတယ်လေ။ အရင်က သွားမယ်ဆိုရင် အဆင်မပြေဘူး။ ခုတော့ အွန်လိုင်းကနေ တက်မယ်ဆိုရင် လူတိုင်းတက်နိုင်တယ်ဆိုတော့ အဆင်ပြေတယ်နော်။ ဒါကလည်း အွန်လိုင်းသုံးဖို့ အဆင်ပြေဖို့ နေရာမှကိုး။ မသန်စွမ်းသူများ လူတိုင်း အွန်လိုင်းမသုံးနိုင်ဘူးလေ။ ရှမ်းပြည်နယ်ဆိုရင် ပိုဆိုးတယ်။ ဖုန်းဆက်လို့ မရတာတွေလည်း ရှိတာကိုး။ မနေ့ကဆိုရင် မိုးဗြဲမှာ စားဝတ်နေရေး ခက်ခဲတာတွေ ကြုံတွေ့ရတာတွေ ရှိတယ်။ သူတို့က စိတ်ပိုခံစားရတာတွေ ရှိတယ်။ အဲဒီလို ဒွန်တွဲနေတာတော့ ရှိတယ်။ နောက်တစ်ခုက ကျန်းမာရေးပစ္စည်းတွေ သုံးရာမှာ အခက်အခဲရှိတယ်။ ဉာဏ်ရည်ကလေးတွေ အထူးစောင့်ရှောက်မှု လိုသော ကလေးတွေမှာဆို ရင် Maskတပ်ဖို့ အကြာကြီးသင်ပေးရတယ်။ စိတ်ရှည်ရှည်ပြောပြရတယ်။ အစ်မတို့လို ကိုယ်အင်္ဂါသမားတွေလည်း လက်ကချိုင်းထောက်ကို အားပြုရတော့ လက်ဆေးဖို့ အခက်အခဲရှိတယ်။ အလွယ်တကူ မဖြစ်ဘူး။ ခုလိုအချိန်ဆိုတော့ ပိုဆိုးတာပေ့ါ။ ခက်ခဲတာ များတာပေ့ါ။ ခါတိုင်းကျောင်းထဲမှာ လေ့ကျင့်ပေးတာကိုး။ တကယ်လို့ ဒီကာလပြီးသွားရင် ကျောင်းပညာရေးအဓိကထားရမယ်။ ပညာသင်နိုင်ခွင့်နဲ့ အလုပ်အကိုင် ရရှိဖို့ပေ့ါ။ ဝင်ငွေမရှာနိုင်ရင်တောင် သူတို့ တစ်ကိုယ်ရေဘယ်လိုနေထိုင်ရမယ်ဆိုတာ သိသွားပြီမို့ ဒါသိပ်အရေးကြီးတယ်။ နောက်တစ်ခုက အလုပ်အကိုင် လုပ်နိုင်မှရမယ်။ ဒါတွေက သိပ်အရေးကြီးတယ်။ ပိုပြီးပေါ်လွင်ထင်ရှားတယ်။ တချို့က ပညာသင်ယူဖို့ ခက်ခဲတယ်မလား၊ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးတာမျိုးပေ့ါ”လို့ ရှမ်းပြည်နယ် မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင် က ဆုပါတယ်။

ကိုဗစ်ကာလနဲ့ ခုလို အကျပ်အတည်းကာလမှာ မသန်စွမ်းသူများဟာ အခက်အခဲများစွာ ကြုံတွေ့ရပြီး ရှိသမျှ လုပ်ငန်းများကို ရှာကြံလုပ်ကိုင်လာရကြောင်း သိရပါတယ်။

တောင်ကြီးမြို့ရှိ မသန်စွမ်းကလေးငယ်များ၏ မိဘများကို အလုပ်အကိုင် ရရှိရေးအတွက် Maskနှာခေါင်းစည်းများ ချုပ်လုပ်ခြင်းလုပ်ငန်းကို Morning Star Id ဉာဏ်ရည်မသန်စွမ်းသူများ လေ့ကျင့်ရေး အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် မသန်စွမ်းသူများ မိသားစုလေးစုကို အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း မသော်တာက ဆိုပါတယ်။

“လေ့ကျင့်ခန်း မလုပ်ရလို့ သွားရေးလာရေးအခက်အခဲရှိတာပေ့ါ။ အိမ်မှာပဲ လုပ်ခိုင်းတော့ မလုပ်နိုင်ဘူးပေါ့။ ကွင်းထဲမှာဆိုတော့ လေကောင်းလေသန့်ရတယ်။ စုစည်းမှုဖြစ်တော့ ပျော်ပျော်ရွှင်ရွှင် ဖြစ်တာပေ့ါ။ ခုလို မလုပ်ရတော့ အထီးကျန်တာပေ့ါ။ စားဝတ်နေရေးကတော့ အဆင်မပြေသူလည်းရှိတယ်။ မိဘနဲ့ပဲ ဆိုင်တယ်။ တချို့ကလည်း ကိုဗစ်ကာလမှာ Mask ချုပ်တာတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဝင်ငွေနည်းနည်းရတာပေ့ါ။ အဖွဲ့ထဲက တစ်ယောက်က သူ့အမေပေါ့စတစ်ဖြစ်တော့ ဆေးရုံတက်တာ၊ ကွာရန်တင်းဝင်တာ လိုအပ်တာလေးတွေ အစ်မတို့အဖွဲ့က စုပြီးလှူပေးလိုက်တာပေ့ါ။ Mask လေးတွေ ချုပ်တာ အားလုံးလေးယောက်ရှိတာပေါ့။ အိမ်ထောင်စု လေးစုရှိတာပေ့ါ။ အဆင်မပြေတာလည်း ရှိတယ်။ အလုပ်မလုပ်နိုင်ဘူး။ အမြင်အာရုံမသန်စွမ်း ကတည်းကပဲပေ့ါ။ အစ်မတို့လည်း နိုင်သလောက်ပေါ့ ဆန်၊ ဆီ၊ ဆားလေးတွေ ဆေးလေးတွေ ထောက်ပံ့တယ်။ ခရစ္စမတ်နေ့ကလည်း အစားအသောက်တွေလှူပေးတာပေ့ါ။ သင်တန်းကျောင်းတွေ ပိတ်ထားတော့ အထီးကျန်တာပေ့ါ။ စီးပွားရေးအဆင်မပြေတော့လေ။ ဆရာမတွေနဲ့ တွေ့တော့သူတို့က တစ်မျိုးလေ။ အိမ်က မိဘတွေကလည်း လေ့ကျင့်ခန်း မလုပ်ပေးဘူး ထင်တာပဲ” ဟု Morning Star Id ဉာဏ်ရည်မသန်စွမ်းသူများ လေ့ကျင့်ရေးအဖွဲ့မှ မသော်တာက ပြောကြားပါတယ်။

အခက်အခဲကြားမှ AUTISM ကလေးများ

တောင်ကြီးမြို့မှာ နေထိုင်တဲ့ အော်တစ်ဇင်ကလေးငယ် တစ်ယောက်ဖြစ်တဲ့ဟန်နီဟာ အသက် ၂၀ နှစ်အရွယ် ရောက်ရှိခဲ့ပြီဖြစ်ကာ သူမ ဘဝသက်တမ်းတစ်လျှောက်မှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်လာရကြောင်း သူမ၏မိခင်ဖြစ်သူ ဒေါ်နန်းစန္ဒာအေးက ဆိုပါတယ်။

မိခင်ဖြစ်သူဟာ ပန်းထိုးဝါသနာပါတဲ့အတွက် ဘဝတစ်လျှောက်လုံး သူမရဲ့သမီးငယ်ကိုသင်ကြားပေးရင်းနဲ့ ပန်းထိုးပညာကို တတ်မြောက်လာခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ခုဆိုရင် သမီးငယ်လေးချုပ်လုပ်ထားတဲ့ ပန်းထိုးလက်ရာလေးများကို အွန်လိုင်းမှာစျေးကွက် ရှာဖွေရောင်းချရင်းနဲ့ အနည်းငယ်မျှ အဆင်ပြေလာကြောင်း ဆိုပါတယ်။

“သမီးတို့က ဘယ်တုန်းကမှ လူများများနေရာသွားလို့မရတော့ အိမ်မှာနေရတာမထူးဘူးပေါ့။ အိမ်မှာနေရင်း အလုပ်လေးတွေ လုပ်တာပေ့ါ။ ချည်ပန်းထိုးတာလေးတွေ လုပ်တယ်။ ကိုဗစ်ကာလတစ်လျှောက်လုံး ဒါလေးတွေ လုပ်နေတယ်။ သူ့အတွက် ကိုဗစ်ဖြစ်နေလား။ မဖြစ်လားဆိုတာ ထူးခြားမှုမရှိဘူးပေါ့။ ထွက်ရလား မထွက်ရလားဆိုတာပေ့ါ။ စပြီး ထိုးလာတာတော့ အမှန်တော့ ချည်ပန်းထိုးတဲ့ အလုပ်လေးတွေ ၀ါသနာပါတော့ ဒါလေးတွေ လုပ်တာကို သူကလိုက်ကြည့်ရင်း တတ်သွားတာပေ့ါ။ စမ်းထိုးကြည့်တယ်။ ချက်ချင်းတော့ လက်ရာအရမ်းမကောင်းဘူးပေ့ါ။ အော်တစ်ဇင်ဆိုတာ စိတ်မရှည်တဲ့ အထဲမှာပါတယ်။ ချည်လေးတွေ ရှုပ်သွားတာတို့ ဘာတို့ဆိုရင် ပစ်ထားလိုက်ရော။ တဖြည်းဖြည်း စိတ်ငြိမ်လာတယ်။ စိတ်တွေ ထိန်းလာနိုင်တယ်။ အရင်က သူ့စိတ်လေးတွေ မထိန်းနိုင်ဘူး။ သူဒါကို လုပ်တော့လုပ်နေပြီ။ သူလုပ်တာလေးတွေ ရောင်းပေးဖို့ သူ့ရှေ့ရေးအတွက် ဝင်ငွေရဖို့အတွက် အလုပ်ကလေး လုပ်စေချင်တယ်။ အိတ်ချုပ်သင်တန်းလေး သွားတွေ့တယ်။ ၁၀ ရက်နဲ့ အိတ်ချုပ်သင်တန်းလေး လာသင်ပေးတာ။ ကျွန်မ အပြေးအလွှားသွားတက်တယ်။ ဆရာမကို သွားမေးလိုက် ချုပ်ကြည့်လိုက်နဲ့ တတ်သွားရော။ အိတ်ချုပ်ပြီးတော့ အင်တာနက်မှာရောင်းပေးတယ်။ အဲဒီလိုနဲ့ ရောင်းလာတာ တစ်နှစ်ရှိသွားပြီ။ တစ်နှစ်အတွင်းမှာတော့ အလုပ်လေးတွေမပျက်ဘူး လုပ်နေရတယ်။ သူကတော့ ပန်းလေးတွေပဲ ထိုးနိုင်တာပေ့ါ။ ဒါ့အပြင် ကိုဗစ်ကာလမှာ ထပ်တိုးလာတာ Mask လေးတွေ ထပ်တိုးလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှာခေါင်းစည်းပြိုင်ပွဲမှာ ဝင်ပြိုင်တာ ဆန်ခါတင်အဆင့်မှာ ပါသွားသေးတယ်။ ကျွန်မက ရုံးကနေပို့တဲ့စာကို မကြည့်မိလိုက်ဘူး။ လိပ်စာတွေပြန်မပို့နိုင်ဘူးဖြစ်သွားတယ်။ အဲဒီကနေ နှာခေါင်းစည်းလေးတွေ ချုပ်ရောင်းလာတာပေ့ါ။ ပန်းနဲ့ပဲ ဘာဖြစ်ဖြစ်ထွင်လို့ ရသွားပြီပေါ့”လို့ ကလေးငယ်ဟန်နီ၏ မိခင်ဖြစ်သူ ဒေါ်နန်းစန္ဒာအေးက ဆိုပါတယ်။

လက်ဆွဲအိတ်၊ အိတ်အမျိုးမျိုး အပြင် Mask နှာခေါင်းစည်းတို့ကို မိခင်ဖြစ်သူက ချုပ်လုပ်ပေးရပြီး ကလေးငယ်ကိုယ်တိုင် ပြုလုပ်ထားသော ပန်းထိုးပုံဖော်အလှဖော်ထားသော ချည်ပန်းထိုး အသုံးအဆောင်ပစ္စည်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ဆိုပါတယ်။ ချည်ပန်းထိုး ဒီဇိုင်းပုံစံတစ်ခုပြီးမြောက်ဖို့ အချိန်များစွာကြာမြင့်ပြီး တစ်ခါတစ်ရံ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်ကြောင်း ဆိုပါတယ်။

အော်တစ်ဇင် ကလေးငယ်များကို စိတ်ရှည်သည်းခံပေးဖို့၊ စိတ်ဓာတ်မကျဖို့ကိုလည်း မိဘများကိုလည်း သူမက အားပေးနှစ်သိမ့် စကားဆိုပါသေးတယ်။

“မိခင်များကိုလည်း အားပေးချင်ပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေက ဘာမှမသိလို့ သူတို့ရဲ့ စိတ်ခံစားချက်က ဘာမှမဖြစ်ပေမဲ့ မိဘတွေရဲ့ခံစားချက်က အရမ်းဆိုးပါတယ်။ မိဘတွေ အားမလျှော့ကြပါနဲ့။ ကျွန်မကလေးငယ် အော်တစ်ဇင် ဖြစ်တဲ့အတွက် အရမ်းစိတ်ညစ်ခဲ့ရပါတယ်။ စိတ်ဆင်းရဲခဲ့ရပါတယ်။ ခုချိန်မှာတော့ သမီးရှိနေတဲ့အတွက်ကြောင့် အရမ်းအားရှိပါတယ်။ ကျွန်မ သိရသလောက်ကတော့ အော်တစ်ဇင်ဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဖြစ်လာတာပေ့ါ။ သိသာသလားဆိုတော့ မသိသာဘူး။ မသိသာတဲ့အတွက်ကြောင့်မို့ နှစ်နှစ်သုံးနှစ်လောက်မှ သိသာလာတဲ့အတွက်ကြောင့်မို့ ကိုယ်ဝန်ဆောင်စဉ်တည်းက ပါလာတဲ့ရောဂါဆိုတာကို မသိကြဘူးပေ့ါ။ ဘာသိသာလဲ ဆိုတော့ သူတို့အော်တစ်ဇင်တွေက စကားမပြောဘူး။ ဆွံ့အနားမကြားလား ဆိုတော့လည်း မဟုတ်ဘူး။ အားလုံးကြားတယ်။ အဓိကတော့ အော်တစ်ဇင်လက္ခဏာကတော့ မျက်လုံးချင်းလုံးဝမဆုံဘူး။ သူ့ကို ပြောနေရင် သူမကြည့်ပါဘူး။ အခုတော့ သူအများကြီး သိသွားပြီပေ့ါ။ သူတို့ကို ပြောတဲ့စကား၊ မေးလိုက်တဲ့ စကားကိုလည်း ပြန်လိုက်ပြောတယ်။ အဖြေမလာဘူး။ ထူးခြားချက်ပေ့ါ။ အဖြေလာဖို့ နှစ်နှစ်သုံးနှစ်လောက် ပြန်သင်ရပါတယ်။ ကိုယ်မေးလိုက်တာကို ပြန်ဖြေနိုင်ဖို့ပေ့ါ။ ခုတော့ အရမ်းမရသေးပါဘူး။ Special Need ဆိုတဲ့အတိုင်းပဲ တစ်ယောက်ယောက် သူ့အနားမှာအမြဲတမ်းရှိနေဖို့ လိုနေပါသေးတယ်”လို့ ကလေးငယ်ဟန်နီ၏ မိခင်ဖြစ်သူ ဒေါ်နန်းစန္ဒာအေးက ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း မသန်စွမ်းသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့ရပြီး ကိုဗစ်အလွန်ကာလတွင် ပညာသင်ယူခွင့်နဲ့ အလုပ်အကိုင်ရရှိရေးများ တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း ရှိရာမှ ယခုအခါ ၄ ဒသမ ၈ သန်း ကျော်အထိ တိုးလာရာမှာ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ရှိသော မသန်စွမ်းဦးရေသည် ၁၀ ရာ ခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် မသန်စွမ်းသူပေါင်း ၁၂ ဒသမ ၈ ရာခိုင်နှုန်း ရှိကာ လူဦးရေခြောက်သန်းခန့် ရှိကြောင်း သိရပါတယ်။