ဒီနေ့ စာတစ်ပုဒ်ရေးမယ်

ဒီနေ့ စာတစ်ပုဒ်ရေးမယ်
Photo:The Gurdian
Photo:The Gurdian
Published 13 February 2021
ငြိမ်း (ပဲခူး)

ကွမ်းယာဆိုင်ဖွင့်ပြီး အိမ်ကိုပြန်ဖို့ ပြန်နေကျလမ်းကလေးဘက်ကို ကျွန်တော့်ခြေထောက်တွေကို ဦးတည်ထားလိုက်တယ်။ ပြီးတော့ ကြည့်နေကျအတိုင်းပဲ အကြည့်တွေကို လမ်းမီးတိုင်မှာ သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေပေါ်ကို ပစ်တင်လိုက်ပါတယ်။ ခိုတွေ၊ ခိုတွေ အများကြီးပဲ။ နေ့စဉ်နေ့တိုင်းပဲ။ ဓာတ်ကြိုးတွေပေါ်မှာနားခိုရင်း သူတို့ကို အစာကျွေးမယ့် ကုန်စုံဆိုင်က အကိုကို မျှော်လင့်ချက်အပြည့်နဲ့ မျှော်လို့။ ဒီလိုနဲ့ ကျွန်တော် ကြည့်နေရင်း ခိုတွေကို အစာကျွေးတဲ့ အကိုဟာ ဆန်တစ်ပြည်ဝင်တဲ့ သံနဲ့ ပြုလုပ်ထားတဲ့ တောင်းကိုကိုင်ပြီး သူ့ကုန်စုံဆိုင်ထဲကနေ ထွက်လာတယ်။ ပြီးတော့ ခိုစာတွေကို မြေပြင်ပေါ် ပစ်ချလိုက်တယ်။ အဲဒီအခါ ဓာတ်ကြိုးပေါ်မှာ နားခိုနေတဲ့ခိုတွေဟာ ဓာတ်ကြိုးပေါ်ကနေ ပျံပြီးဆင်းလာပြီး သူတို့ကို ချကျွေးထားတဲ့ အစာတွေကို အလုအယက်စားနေကြပေါ့။ အများအားဖြင့် ခိုတွေရဲ့အရောင်က အနက်ရောင်။ အဲဒီအထဲမှာ ခိုဖြူလေးတွေ နှစ်ကောင်သုံးကောင်လောက်ပါတယ်။ အဲဒါကြောင့် အဖြူရောင်ရှိတဲ့ ခိုလေးတွေက အနက်ရောင်ရှိတဲ့ခိုတွေကြားထဲမှာ ထင်ထင်ရှားရှား ဖြစ်လို့နေတယ်။ ကျွန်တော် ငြိမ်သက်စွာနဲ့ ကြည့်နေမိတယ်။ ပြီးတော့ သူတို့အစာစားပြီးမှ ကျွန်တော် ပြန်မယ်။ ပြီးတဲ့အခါ အိမ်ရောက်ရင် ဒီနေ့ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ထဲကနေ ကျွန်တော် ပြောနေမိတယ်။

ခိုတွေ အစာစားလို့ပြီးတော့ ကျွန်တော့် ခြေလှမ်းတွေကို စတင်ပြီး လှမ်းလိုက်တယ်။ တစ်လှမ်းပြီးတော့ နောက်တစ်လှမ်း။ ပြီးတော့ ကျွန်တော့်ခြေလှမ်းတွေကို မမှတ်ထားတော့ဘူး။ ဒီလိုနဲ့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာရင်း ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ လမ်းလျှောက်ပြီးလာနေတဲ့ ဗေဒင်ဆရာမနဲ့ သူ့အမျိုးသားတို့ကို နှင်းတွေကြားထဲမှာ တွေ့လိုက်ရတယ်။ ဒါကလည်း ကျွန်တော် နေ့စဉ်မြင်နေကျပဲ။ ဘာလို့လဲဆိုတော့ ဒီလမ်းကလေးပေါ်မှာ ကျွန်တော် နေ့တိုင်းလမ်းလျှောက်ပြီး အိမ်ပြန်နေကျလေ။ ပြီးတဲ့အခါ လမ်းကြားလေးတစ်ခုထဲချိုးဝင်ဖို့ ခြေလှမ်းတွေကို ဦးတည်ချက်ပြောင်းလိုက်တဲ့အချိန်မှာပဲ စက်ရုံအလုပ်သမလေးသုံးယောက် ခပ်သုတ်သုတ်ခြေလှမ်းတွေလှမ်းပြီး စကားတပြောပြောနဲ့ လျှောက်လာနေတယ်။ သူတို့နဲ့တော့ ကျွန်တော် နေ့တိုင်းလိုလိုမဆုံဖြစ်ဘူး။ အများဆုံးဆုံမှ တစ်ပတ်မှာ နှစ်ခါလောက်ပဲ။ တစ်ခါတစ်လေကျရင် နှစ်ပတ်မှတစ်ခါလောက်ဆုံတဲ့နေ့တွေလည်း ရှိတယ်။ အဲဒါကလည်း နံနက်ခင်း ကျွန်တော်တို့ ဆိုင်ဖွင့်တဲ့အချိန် မမှန်တာလည်း ဖြစ်နိုင်တယ်။ ထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ စာတစ်ပုဒ်ရေးမယ်။

စက်ရုံအလုပ်သမလေးတွေ ကျွန်တော့်ကိုကျော်ပြီး လမ်းလျှောက်သွားတော့ လမ်းကြားကလေးထဲမှာ လမ်းလျှောက်နေတာ ကျွန်တော်တစ်ယောက်တည်းပေါ့။ လျှောက်နေရင်း ဘေးကခြံထဲကို ကျွန်တော့်အကြည့်တွေ ရောက်သွားတယ်။ အဲဒီအခါ ကျွန်တော့်ရင်ထဲမှာ နွေးခနဲဖြစ်သွားတယ်။ ကျွန်တော် ကလေးအရွယ်တုန်းက သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားခဲ့တဲ့ခြံကြီး။ အဲဒီခြံကြီးထဲမှာ အုတ်ရေကန်အပျက်ကြီးတစ်ကန်ရှိတယ်။ ဇီးပင်တစ်ပင်ရှိတယ်။ ပြီးတော့ ၀ါးရုံပင်ကြီးတွေလည်းရှိတယ်။ ပြီးတဲ့အခါ ကုက္ကိုပင်ကြီးတစ်ပင်လည်း ရှိပါသေးတယ်။ အမှန်တကယ်တော့ ကျွန်တော်ပုံဖော်ကြည့်နေတာ။ သူတို့ရှိခဲ့ဖူးတဲ့နေရာတွေကို ကြည့်ရင်းနဲ့။ ပြီးတော့ ကျွန်တော့်ရင်ထဲနွေးခနဲဖြစ်သွားတာဟာ အလွမ်းတွေကြောင့် ဖြစ်လိမ့်မယ်လို့လည်း ထင်မိတယ်။ ပြန်မရတော့တဲ့ကလေးအရွယ်။ အပူအပင်ကင်းတဲ့ဘဝ။ ဘယ်လိုပဲ လုပ်လုပ်။ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး။အဲဒါကြောင့် ကျွန်တော့်အတွေးထဲကနေ မောင်းထုတ်ပစ်လိုက်တယ်။ အကြောင်းအရင်းကတော့ ကျွန်တော် ဒီနေ့ စာတစ်ပုဒ်ရေးမယ်။

လမ်းကြားလေးထဲကနေ ထွက်လာတော့ ကျွန်တော်နဲ့ မနီးမဝေးမှာ ထင်းမီးပုံလေးတစ်ပုံ။ ထင်းမီးပုံလေးဘေးမှာ လူတစ်ယောက် မတ်တတ်ရပ်နေတယ်။ အဲဒီလူက မနက်တိုင်း စောစောထပြီး လမ်းလျှောက်တဲ့လူ။ သူမနက် စောစောလမ်းလျှောက်ပြီဆို တရားဖွင့်ထားတဲ့ ဘောက်စ်သေးသေးလေးတစ်ခုကိုကိုင်ပြီး လျှောက်တာ။ အဲဒါကြောင့် မနက်တိုင်း စောစောထပြီး လမ်းလျှောက်တဲ့လူလို့ ကျွန်တော် ပြောတာပါ။ ပြီးတော့ ကျွန်တော် သူ့ကို ကျော်လာခဲ့တယ်။ အိမ်ရှေ့ရောက်ပါပြီ။ ခြံတံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တယ်။ အိမ်ပေါ်ကို မတက်သေးဘဲ ရေအိုးစင်ဆီသွားပြီး ရေတစ်ခွက်သောက်တယ်။ ပြီးတဲ့အခါ ကျွန်တော် အိမ်ပေါ်ကိုတက်ပြီး အမေ့အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး လှဲနေလိုက်တယ်။ ပြီးတော့ အားသွင်းထားတဲ့ ဖုန်းကိုဖြုတ်လိုက်တယ်။ ဖုန်း Note ထဲမှာ မှတ်ထားတဲ့ အက်ဆေးတွေဖတ်မလို့။ ဒီလိုနဲ့ဖတ်မလို့ အက်ဆေးတွေရွေးနေရင်း မြို့တော်ကြီးမှာရှိတဲ့ အဆောင်တစ်ခုမှာကျန်နေခဲ့တဲ့ ကျွန်တော့်အဝတ်အစားတွေ စာအုပ်တွေကို သတိရနေမိတယ်။ ဖုန်တွေ တက်နေပြီလား။ ခြတွေ၊ ကြွက်တွေ ကိုက်ကုန်ပြီလား။ အထူးသဖြင့် စာအုပ်တွေကို ပိုပြီးသတိရမိတယ်။ ပြန်ယူဖို့ကလည်း ကားလမ်းတွေ ဖွင့်တယ်ပဲထားဦး၊ ငွေကြေးအလုံအလောက်မရှိ။ အလုပ်ကလည်း မလုပ်ရသေး။ အဆောင်လခကလည်း ပေးဖို့ကျန်နေသေး။ ကျွန်တော့်စိတ်တွေပြိုလဲလို့သွားတယ်။ အဲဒါကြောင့် မတွေးမိအောင်နေတယ်။ မရဘူး။ သူ့အလိုလိုဝင်ရောက်လာတာပဲ။ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် စကားတစ်ခွန်းတော့ ပြောလိုက်တယ်။ ကျွန်တော် ဒီနေ့ စာတစ်ပုဒ်ရေးမယ်။

ဖုန်း Note ထဲက အက်ဆေးတွေ ဖတ်မလို့ ဘယ်လိုမှ စိတ်ပါဝင်စားမှုမရှိတာနဲ့ သူငယ်ချင်းဆီက ငှားထားတဲ့ မင်းလူဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ကောက်လှန်လိုက်တယ်။ ပေါ်လာတဲ့ဝတ္ထုတိုခေါင်းစဉ်က “အရေးပေါ်အခြေအနေ”တဲ့။ ကျွန်တော်  စိတ်ဝင်စားသွားတယ်။ ဘာအကြောင်းအရာရေးထားတာလဲ။ သိချင်စိတ်တွေ ပြင်းပြလာတယ်။ ဖတ်မယ်ဆိုပြီးလုပ်နေတုန်း အမေက “ရေလာနေပြီ၊ ရေလာထည့်ပေးဦး”တဲ့။ ကျွန်တော့်မှာ ကလေးတစ်ယောက် သူစားနေတဲ့မုန့် ပါးစပ်နားရောက်ကာနီးမှ ပြုတ်ကျသွားသလိုမျိုး ဖြစ်သွားတယ်။ ပြီးတော့ ခပ်မြန်မြန်ပဲ အိပ်ရာထဲက ထလိုက်တယ်။ မထရင် အမေက စက်သေနတ်ပစ်သလိုမျိုး ကျွန်တော့်ကို သြဇာသီးတွေ  ကျွေးတော့မှာ။ စည်ပိုင်းတွေနားရောက်တော့ ရေထည့်နေတဲ့ စည်ပိုင်းထဲကရေတွေကို ကော်ပုံးတစ်ပုံးနဲ့ခပ်ပြီး ရေမရှိတဲ့ တခြားစည်ပိုင်းတွေထဲကို ထည့်။ စည်ပိုင်းတွေထဲ ရေပြည့်သွားတော့ အိမ်သာထဲက ကန်ထဲကိုရေထည့်။ ၁၅ မိနစ် မိနစ် ၂၀ လောက် ကြာတော့ ရေထည့်လို့ပြီးတယ်။ ကျွန်တော့်အောက်ပိုင်းတွေလည်း စိုရွှဲနေပြီ။ အဲဒါကြောင့် အိမ်ပေါ်ပြန်မတက်တော့ဘဲ တစ်ခါတည်း ရေချိုးလိုက်တယ်။ ပြီးတော့ အိမ်ပေါ်ပြန်တက်။ ရေသုတ်၊ အဝတ်အစားလဲ၊ မနက်စာစားပြီး အမေ့အိပ်ရာပေါ်မှာ ပြန်လှဲနေလိုက်တယ်။ အဲဒီမှာ လက်ကအကျႌအိတ်ကပ်ဆီ အလိုလိုရောက်သွားတယ်။ အိတ်ကပ်ထဲမှာဗလာနတ္ထိ။ အဲဒါကြောင့် ကျွန်တော်  ဒီနေ့စာတစ်ပုဒ်ရေးမယ်။

ဘယ်အချိန် အိပ်ပျော်သွားသလဲမသိဘူး။ ကျွန်တော် နိုးလာတော့ တစ်ကိုယ်လုံးချွေးတွေရွှဲနစ်လို့။ အိပ်ရာဘေးမှာ ဖွင့်ထားတဲ့ ပန်ကာက မရပ်မနားလည်လို့။ လေပူတွေ ထုတ်လွှတ်ပေးနေတယ်။ အချိန်က နေ့ခင်း ၁၂ နာရီ ထိုးကာနီးအချိန်။ နေရောင်က အိမ်ရှေ့ကွန်ကရစ်လမ်းမထက်မှာ နေရာအနှံ့ပြား ယူထားပြီးပြီ။ အဲဒါနဲ့ အိပ်ရာထဲကနေ အလူးအလဲထပြီး အိမ်အောက်ကို ဆင်းလာခဲ့တယ်။ ပြီးတော့ အာတွေခြောက်လာလို့ ရေအိုးစင်ဆီသွားပြီး ရေတစ်ခွက်သောက်လိုက်တယ်။ ပြီးတဲ့အခါ ဆိုင်ကယ်စက်နှိုးပြီး ကွမ်းယာဆိုင်ကို ထွက်လာခဲ့ပါတယ်။ လမ်းပေါ်မှာ လူတွေရှင်းလို့။ ကွမ်းယာရောင်းကောင်းရဲ့လားမသိ။ ကျွန်တော် နည်းနည်းစိတ်ပူသွားတယ်။ အိုနေ့ခင်းဘက်ဆိုတော့နေပူလို့ လူတွေသိပ်မထွက်တာ ဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တယ်။ ကျွန်တော် ဆိုင်ရောက်တော့ ဆိုင်ကယ်ကို ကွမ်းယာဆိုင်ရှေ့မှာ ရပ်ထားလိုက်ပြီး ကွမ်းရွက်တွေထုံးသုတ်နေတဲ့အချိန် ကယ်ရီသမားအကိုတစ်ယောက်ကိုမကြီး အသံနှိပ်ပြီး စကားပြောနေတာ ကြားလိုက်ရတယ်။  “အမေ ပြန်ပေးပါလိမ့်မယ်”တဲ့။ တစ်ပိုင်းတစ်စပဲ ကြားလိုက်ရတော့ စိတ်ဝင်စားလို့မကြီးကို ကျွန်တော်မေးလိုက်တယ်။ မကြီးက အမေငွေရင်းစရာလိုနေလို့ အဲဒီကယ်ရီသမားအကို အိမ်ဆောက်ဖို့ စုထားတဲ့ထဲက ပိုက်ဆံတစ်သိန်းကို ချေးထားတာတဲ့။ ကျွန်တော် အံ့သြဝမ်းနည်းသွားတယ်။ ကယ်ရီသမားဆီကတောင် အမေ့ခမျာပိုက်ဆံချေးထားရလို့။ နောက်ပြီး ကျွန်တော့်မှာလည်း အလုပ်နားထားတော့ ဝင်ငွေမရှိ။ အမေ့ကို ဘယ်လိုလုပ်ပြီး ပိုက်ဆံပေးနိုင်မလဲ။ အဲဒါနဲ့ ကျွန်တော် အိမ်မှာစားဖို့ ကွမ်းယာငါးယာလောက်ကို ကမန်းကတန်း ယာလိုက်တယ်။ ပြီးတော့ ကွမ်းယာထုပ်ကို  ဆိုင်ကယ်ခြင်းထဲ ထည့်လိုက်တယ်။ ပြီးတဲ့အခါ ကျွန်တော်ဟာ အိမ်မပြန်သေးဘဲ ဆိုင်ဘေးမှာရှိနေတဲ့ သဲပုံပေါ်မှာထိုင်ကာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချလိုက်ပါတယ်။ ကျွန်တော် ဒီနေ့စာတစ်ပုဒ်ရေးမယ်။