လေယာဉ်တွေ ပျက်ကျနေတဲ့မြို့ - ၃

လေယာဉ်တွေ ပျက်ကျနေတဲ့မြို့ - ၃
Photo:YouTube
Photo:YouTube
Published 13 February 2021
နိုလှိုင်း

(၁)

ရှေ့ကို မျှော်ကြည့်တော့လည်း ကိုယ်မြင်နိုင်သလောက် အကွာအဝေးအထိ လေယာဉ်ပျံအပျက်တွေ ဖုံးလွှမ်းနေတာကိုသာ တွေ့ရမယ်။ အနောက်ကိုကြည့်တော့လည်း ကိုယ့်နောက်မှာက ပြန်လှည့်လို့တောင်မရ ခန္ဓာကိုယ်ကို ထောက်ထားနဲ့ လေယာဉ်ပျံအပိုင်းအစတွေနဲ့။ ဘေးဘီကို ငဲ့ကြည့်လိုက်တော့လည်း လေယာဉ်ပျံ အပျက်အစီးတွေက နေရာအနှံ့အပြား၊ မြို့ကလေးရဲ့ ဧရိယာတော်တော်များများကို အပြည့်နေရာယူထားခဲ့တာပဲ။ ပျက်ကျလာတဲ့ လေယာဉ်ပျံ အပိုင်းအစတွေနဲ့တော့ မြို့ကလေးဟာ ဘယ်တော့မှ ပြန်လည်ရှင်သန်လာဖို့မရှိဘူးလို့ မြို့ကလူတော်တော်များများက ပြောနေကြတယ်။ မြို့ဟာ မကြာခင် ပျောက်ကွယ်သွားတော့မှာ၊ သိပ်မကြာခင် လေယာဉ်ပျံ အပျက်အစီးတွေကြား သင်္ဂြိုဟ်လိုက်ရတော့မှာပဲလို့ ယုံကြည်တဲ့သူက ယုံကြည်နေကြလေရဲ့။ လေယာဉ်ပျံအပျက်တွေဟာ တစ်မြို့လုံးကို အဆက်မပြတ် ဒုက္ခပေးနေတော့တာပါပဲ။ စိတ်ဒဏ်ရာဗလပွ နဲ့ ချုံးချုံးကျဖိစီးနေတဲ့ ဝေဒနာသည်တစ်ယောက်လို မြို့ကလေးဟာ ထိခိုက်ခံစားနေရရှာတယ်။ ဆရာဝန်လက်လျှော့လိုက်မှ ပိုသေချာသွားတဲ့ပုံစံမျိုးနဲ့ မျှော်လင့်ချက်မဲ့ အခြေအနေတွေကို ကြုံတွေ့ရင်ဆိုင်နေရတော့တယ်ပေါ့။ လေယာဉ်ပျံအပျက်တွေဟာ ဘာကောင်းကျိုးမှ သယ်ဆောင်မလာခဲ့ဘူးဆိုတာကို တစ်မြို့လုံးက လက်ခံထားကြပေမဲ့လို့ လေယာဉ်ပျံ အစိတ်အပိုင်းတွေအားလုံး မြို့ကလေးဆီက အပြီးတိုင်ပျောက်ကွယ်သွားမယ့် နည်းလမ်းကိုတော့ ဘယ်သူမှရှာဖွေလို့ မရသေးပါဘူး။ အခုတောင် လေယာဉ်ပျံတွေက နေရာအနှံ့အပြားမှာ အစုလိုက်အပြုံလိုက် ပျက်ကျလာတာကို နောက်တစ်ခါ ပြန်မြင်နေရပြီမဟုတ်လား။ သတင်းတွေကတော့ အမျိုးမျိုး ထွက်ပေါ်နေခဲ့တာပဲ။ တစ်ခါတလေ သတင်းမှာ တွေ့တာလား၊ အစစ်အမှန်တွေလားတောင် ခွဲခြားမရနိုင်တော့တဲ့အထိ တစ်ယောက်တစ်မျိုးနဲ့ စိတ်ထင်ရာ ပြောဆိုနေခဲ့ကြတယ်။ လေယာဉ်ပျံအပျက်အစီးတွေအောက် တစ်မြို့လုံး ကျရောက်သွားတော့မှာလိုလို၊ မြို့ကလေးကို လေယာဉ်ပျံအပိုင်းအစတွေက ဖုံးအုပ်သွားတော့မလိုနဲ့ မြို့ကလေးဟာ လူသမိုင်းကနေ နှုတ်ဆက်ထွက်ခွာသွား ရတော့မလိုလိုတွေပေါ့။ တစ်မြို့လုံးလည်း စိတ်ဝေဒနာသည်တစ်ယောက်လို ဘာလုပ်လို့ လုပ်နေမှန်းမသိ ဖြစ်လာကြတယ်။

(၂)

တချို့လူတွေကတော့ ပုံမှန်အတိုင်း အေးအေးလူလူ ပုံစံမျိုးနဲ့ပါပဲ။ လမ်းလျှောက်ရင်း အသိမိတ်ဆွေတစ်ယောက်ယောက်ကို နှုတ်ဆက်သလို ပြောနေကြတာ။ ရှေ့ဆက်ပြီး ဘာလုပ်ကြရင်ကောင်းမလဲတဲ့။ ဒီအခြေအနေမျိုးနဲ့ ဘဝကိုဘယ်လိုများ ရှင်သန်ရပ်တည်နေရမလဲပေါ့။ အဲဒီစကားကိုပဲ ထပ်ကာတလဲလဲ အရေးကြီးသလိုလို အရေးမပါတော့သလို လွှတ်ခနဲလွှတ်ခနဲ ပြောဆိုနေမိကြတာ။ အရောင်မွဲနေတဲ့ မျက်ဝန်းတွေနဲ့ “ငါတို့ ရှေ့လျှောက် ဘာဆက်လုပ်ကြမလဲကွာ”ဆိုတာ မျိုးပေါ့။ မျှော်လင့်စရာမရှိသလောက် အဓိပ္ပာယ်မဲ့ ဖြေစရာမရှိတဲ့ မေးခွန်းတစ်ခုနဲ့သာ လည်ပတ်နေခဲ့ရတာပါပဲ။ ငါတို့ လေယာဉ်ပျံအပျက်အစီးတွေကို နိုင်သလောက် တစ်နေရာရာမှာ စုပုံထပ်ထားကြည့်ကြမလားတဲ့။ တစ်ယောက်က ထပြောတယ်။ ဥပမာ မြို့စွန်က လျှိုကြီးထဲမှာပဲဖြစ်ဖြစ်ပေါ့လေ။ လေယာဉ်သချုႋင်း လုပ်ကြည့်မလားဆိုပြီး အကြံပေးတဲ့သူက ပေးကြပါသေးတယ်။ ဒါပေမဲ့ အများစုကတော့ အချိန်ကုန်ပင်ပန်းပြီး ကိုယ့်ကျန်းမာရေးထိခိုက်မှာ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ မလုပ်နိုင်မှာ စိုးရိမ်နေကြတယ်ပေါ့။ အဲဒီ လျှိုကြီးလောက်နဲ့လည်း လေယာဉ်ပျံအပိုင်းအစတွေအားလုံးကို စုပုံပစ်ချထားလို့ လုံလောက်မယ်မထင်ဘူးနော်တဲ့။ ကွင်းပြင်ကျယ်ကျယ်ကြီးတစ်ခုမှာ ကျင်းတူးပြီး မြှုပ်ထားလိုက်ရင်ကောင်းမလားလို့ တိုက်တွန်းတဲ့သူလည်းရှိတယ်။ ဒါပေမဲ့ မြေပိုင်ရှင်၊ လယ်ပိုင်ရှင်တွေကတော့ သူတို့ ပိုင်ဆိုင်တဲ့ လယ်မြေဧကတွေပဲ့ပါသွားမှာ၊ သူတို့မြေယာတွေ ခွဲဝေပေးလိုက်ရမှာကို အလိုမရှိခဲ့ကြဘူးတဲ့ လေ။ အခုလည်း ဘာများ ပိုထူးခြားနေတာမှတ်လို့။ မြို့ပြင်က လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေမှာ လေယာဉ်ပျံအပျက်အစီးတွေ အစုလိုက်အပြုံလိုက်နဲ့၊ ဓာတုအဆိပ်သင့် မြေသြဇာတွေ ကင်းမဲ့ပြီး စိုက်လို့ပျိုးလို့ မရနိုင်အောင် ဖြစ်နေခဲ့ပြီမဟုတ်လား။ ဘာပိုင်ဆိုင်မှုမှမရှိတဲ့ မြို့ကလေးဆီက အခြေခံလူတန်းစားတွေခမျာတော့ ဒီဒုက္ခတွေကို ခါးစည်းခံရုံနဲ့ပဲ ဆက်ပြီးနေကြရမလိုလိုပါ။ တကယ်လို့ မြို့ကလေးမှာ အစာရေစာ ရှားပါးလာခဲ့ပြီဆိုပါစို့။ အရင်ဆုံး ငတ်မွတ်တဲ့ဒဏ်ကို ခံစားရမှာ သူတို့ပဲ မဟုတ်လား။

တကယ်တော့ မြို့ကလေးမှာ အရေးတကြီး လုပ်ကိုင်စရာဆိုလို့လည်း ဘာမှသိပ်ရှိလှတာ မဟုတ်ပါဘူး။ အခုလိုအခြေအနေမျိုးမှာတော့ အရေးတကြီး ဆောင်ရွက်စရာတွေ ခဏရပ်ထားပြီး လေယာဉ်ပျံအပျက်အစီးတွေ ရှင်းထုတ်နိုင်ဖို့အတွက်ကိုပဲ တစ်မြို့လုံး စတင်လုံးပန်းရတော့မှာမဟုတ်လား။ မြို့ကလေးရဲ့ကံကြမ္မာကို မြို့သားတွေကပဲ အတတ်နိုင်ဆုံး ဖန်တီးနိုင်ဖို့ ကြိုးစားကြရတော့မှာ မဟုတ်ဘူးလား။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲ ကိုယ့်အိမ်တံခါးတွေကို လုံခြုံအောင်ပိတ်ထားပြီး လေယာဉ်အပျက်အစီးတွေဆီက ထွက်လာတဲ ညှော်နံ့တွေမရဖို့၊ ကပ်ရောဂါတစ်ခုလို ကူးစက်မလာဖို့ကိုပဲ အာရုံစိုက်နေခဲ့ကြတယ်။ သူတို့မှာ လေယာဉ်ပျံအပျက်အစီးတွေကို ဒီမြို့ကလက်မခံနိုင်ဘူးဆိုတာကို အိမ်တံခါးဝမှာတောင် စာတန်းတွေ ချိတ်ဆွဲထားတော့မလို ပြင်ဆင်နေကြလေရဲ့။ အစကတည်းကမှ ကြောက်ရွံ့စိတ်ကို ဖုံးကွယ်ပြီး ဟန်မပျက်ဆက်ရှိနေခဲ့ကြတာပဲလေ။ နောက်ဆုံး လေယာဉ်ပျံအပျက်အစီးတွေကို ကြက်ကလေး၊ ငှက်လေးလို ခြောက်လှန့်မောင်းထုတ်ဖို့လောက်သာ စတင်ပြုလုပ်လာခဲ့ကြတယ်။ ဘယ်လိုလုပ်ရမှာတဲ့လဲ။ လေယာဉ်ပျံအပျက်အစီးတွေက မြို့ကလေးရဲ့ ပတ်ဝန်းကျင်နေရာအနှံ့မှာ အပြည့်နေရာယူခဲ့ပြီးပြီ။ မြို့ကလေးရဲ့ အစိတ်အပိုင်းတော်တော်များများကို သိမ်းပိုက်ထားခဲ့ပြီမဟုတ်လား။ နောက်ပြီး လေယာဉ်ပျံအပျက်အစီးတွေဟာ မြို့ကလေးရဲ့ နေရာတော်တော်များများမှာ နည်းနည်းနောနော ရှိနေခဲ့တာမှ မဟုတ်တာပဲ။ မြို့က လူတွေကတော့ ဆုတောင်းပွဲတွေလုပ်ကြ၊ နတ်ဘုရားတွေဆီ တိုင်တည်နေကြပေါ့။ ရလိုရငြား မျှော်လင့်ချက်ပါးပါးလောက်နဲ့ ဦးတည်ရာမဲ့ လုပ်ကိုင်နေကြတယ်။ သူတို့မှာ နေ့စဉ်ဘဝ လုပ်ကိုင်စရာကိစ္စတွေတောင်မေ့လို့၊ အရေးပေါ် ထလုပ်ရမယ့် အစီအစဉ်တွေလည်းမရှိဘဲ လေယာဉ်ပျံအပိုင်းအစတွေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားဖို့ကိုသာ အလိုရှိနေကြတာတဲ့လေ။ ရည်မှန်းချက်က လေယာဉ်ပျံအပျက်အစီးတွေကို ရှင်းထုတ်ဖို့ထက် မြို့ကလူတွေ လေယာဉ်ပျံပျက်ကျနေတဲ့အချိန် အနီးအနားမှာရှိမနေဖို့ကိုသာ သတိပေးတားမြစ်ရုံလောက်ပဲ ဖြစ်နေခဲ့ကြတာက ပိုလိမ့်တယ်။ အဘိုးကြီးဂျိုးဟာလည်း သူတို့က နောက်ဆုံးမျှော်လင့်ချက်ပဲလို့တောင် ယုံကြည်နေကြသေးရဲ့။

(၃)

ဒါပေမဲ့ မြို့မှာရှိတဲ့ လူတချို့ကတော့ ဆုတောင်းပွဲတွေလုပ်ရုံ၊ အသိဉာဏ်မရှိတဲ့ သက်မဲ့အရာဝတ္ထုတွေကို ခြောက်လန့်မောင်းထုတ်နေရုံနဲ့ လွင့်ထွက်သွားမှာမဟုတ်ဘူးဆိုတာ အသေမချာ ယုံကြည်နေခဲ့ပါတယ်။ ဥပမာ တန်ခိုးရှင်ထံ ဆုတောင်းလိုက်ရုံနဲ့ လေယာဉ်ပျံအပိုင်းအစတွေက ရုတ်တရက် ထပျံသွားမှာ မဟုတ်ဘူးဆိုတာမျိုးပေါ့။ တချို့ကလည်း ဘေးပတ်ဝန်းကျင် မြို့ကြီးတွေဆီက အကူအညီ ရလိုရငြား မျှော်လင့်နေကြသေးရဲ့။ စက်ယန္တရားကြီးတွေနဲ့ တစ်နေရာရာကို သယ်ယူသွားတာမျိုး၊ အပြီးတိုင် ဖျက်ဆီးပစ်လိုက်တာမျိုးပေါ့လေ။ ကြားခံတစ်ယောက်ယောက်နဲ့ ဆက်သွယ်အကူအညီတောင်းတာမျိုး၊ သတင်းစကားတွေပါးပြီး အကူအညီလှမ်းတောင်းကြသေးတယ်။ အခုအချိန်အထိတော့ ဘာအကူအညီမှ မရသေးပါဘူး။ မြို့ကလေးကို၌က ဖွံ့ဖြိုးဖို့အားယူကာစလည်းဖြစ်တော့ သူတို့မှာ ဘာခေတ်မီစက်ပစ္စည်းမှလည်း လုံလုံလောက်လောက်လည်း ရှိမနေခဲ့ဘူးပေါ့လေ။ ထားပါတော့။ အံ့သြဖို့လည်းကောင်းတာက လေယာဉ်ပျံအပိုင်းအစတွေ ဒီလောက်စုပုံလာတာတောင်မှ မြို့က လူအများစုဟာ ရှိစုမဲ့စုနေရာတွေကို သူပိုင်တယ် ငါပိုင်တယ် ငြင်းခုံနေကြတုန်းပဲတဲ့။ မြို့ပြင်မှာ စိုက်ပျိုးစရာ လယ်ယာမြေတွေမရှိတော့ဘဲ အစာရေစာ ရှားပါးနေတာတောင်မှ တစ်ခုခုလုပ်ဖို့ နည်းလမ်းမရှိခဲ့ကြဘူးတဲ့လေ။ လေယာဉ်ပျံ အပိုင်းအစတွေ အပြီးတိုင်ရှင်းလင်းနိုင်ဖို့ထက်လည်း ရသမျှနေရာလေးမှာ ဖက်တွယ်နေလိုကြသေးတာ။ အရာရာကို အဘိုးကြီးဂျိုးအပေါ်မှာပဲ စုပုံယုံကြည်နေတယ်လို့တောင် ထင်နေရတာပါပဲ။ အဘိုးကြီး ဂျိုးအစွမ်းနဲ့ လေယာဉ်ပျံတွေက အလွယ်တကူ ပြန်ကောင်းလာမယ်လို့တောင် ယူဆထားကြသလား မပြောတတ်ဘူး။ အဘိုးကြီးဂျိုးဆီက တစ်ခုခုလိုအပ်နေပြီလို့ သတင်းကြားတာနဲ့ မြို့ကလူတွေကရအောင် ရှာဖွေပေးတတ်ကြတယ်။ ဥပမာ သူတို့အိမ်မှာ ပိုလျှံနေတဲ့ အင်ဂျင်စက်အဟောင်းတွေ၊ မော်တာတွေနဲ့ လေယာဉ်ပျံအပျက်တွေကို ပြုပြင်နိုင်ဖို့အတွက် လိုအပ်မယ်ထင်တာတွေပေါ့လေ။ နောက်ဆုံး အဘိုးကြီးက လိုတယ်ပဲပြောလိုက် ပိုင်ဆိုင်သမျှ အားလုံးထုတ်ပေးလိုက်မယ့်သူတောင် ရှိချင်ရှိလာနိုင်တဲ့အထိ သူတို့အားလုံးရဲ့ စိတ်ဆန္ဒတွေကို အဘိုးကြီးတစ်ယောက်တည်းအပေါ် စုပုံထားချင်နေကြလေရဲ့။ အဓိကရည်မှန်းချက်က မြို့ကလေးဆီကနေ လေယာဉ်ပျံ အပျက်အစီး အပိုင်းအစတွေ လုံးဝပျောက်ကွယ်သွားဖို့ပဲဆိုတာကို တမင်တကာ မေ့လျော့ထားပြီးပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီနှစ်တွေဟာ ရယ်စရာလည်းကောင်းသလို မြို့ကလေးကလူတွေ ဦးတည်ရာမဲ့နေမှန်းလည်း သိလာနေခဲ့ကြတယ်။ ထားပါတော့။ အဘိုးကြီးဂျိုးဟာ လေယာဉ်ပျံတစ်စီးတလေကို စမ်းသပ်လွှတ်တင်နိုင်ခဲ့ပြီပဲ ဆိုပါဦးစို့။ အပျက်အစီးများစွာ၊ လေယာဉ်ပျံအပိုင်းအစတွေ ထောင်းသောင်းများစွာကို သူတစ်ယောက်တည်းနဲ့ ရှင်းလင်းသွားအောင် လုပ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်လာနိုင်မှာတဲ့လဲ။ တကယ်က မြို့မှာ ရှိသလောက် လူအင်အားနဲ့ လေယာဉ်ပျံအပျက်အစီးတွေကို တက်ညီလက်ညီ ဖယ်ရှားလိုက်ရတော့မှာ။ ဘယ်သူ့ဘယ်သူမှ အားမကိုးဘဲ လေယာဉ်ပျံအပျက်အစီးတွေကို ပျောက်ကွယ်သွားအောင် ဖျက်ဆီးလိုက်ရတော့မှာမဟုတ်လား။ မဟုတ်ခဲ့ဘူးဆိုရင် လေယာဉ်ပျံအပိုင်းအစတွေကြောင့် မြို့လေးဟာ ကပ်ရောဂါအနာတရ၊ ငတ်မွတ် ခေါင်းပါးမှုဒဏ်တွေနဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားရတော့မှာပါပဲ။ အဲဒါကိုလည်း မြို့ကလူတွေ မသိဘူးမဟုတ်၊ သိနေခဲ့တာပဲလေ။ ဒါပေမဲ့ မြို့ကလေးမှာရှိတဲ့လူတွေဟာ လေယာဉ်ပျံအပျက်တွေ ရှင်းထုတ်နိုင်ဖို့ဝေးလို့ ဒီဘက်နှစ်ပိုင်း အချိန်ကာလတစ်လျှောက်လုံးမှာ မြို့ကလေးရဲ့ နေရာအနှံ့ လေယာဉ်ပျံ အပိုင်းအစတွေ တဖြည်းဖြည်း စုပုံလာခဲ့ပြီဆိုတာကို သတိမထားနိုင်လောက်အောင်လည်း နေလာခဲ့ကြတယ်။ လေယာဉ်ပျံအပျက်အစီးတွေကို အလှအပပစ္စည်းတစ်ခုလိုလည်း တန်ဆာဆင်နေမိကြသေးရဲ့။ အခုအချိန်ရောက်မှတော့ အားလုံးက ဘာမှမတတ်နိုင် တော့သလို မြို့ကလေးဟာ လေယာဉ်ပျံအပျက်အစီးတွေနဲ့ အတူတူနေထိုင်နိုင်ဖို့ကိုပဲ အားထုတ်ရမလို ဖြစ်နေခဲ့ပြီမဟုတ်လား။ အဘိုးကြီးဂျိုးပဲဖြစ်ဖြစ်ပေါ့လေ။ သူတို့မှာ တစ်ချိန်လုံး လေယာဉ်ပျံအပျက်အစီးတွေရဲ့ အန္တရာယ်ကို ကြောက်ရွံ့နေကြရပေမဲ့ ပါးစပ်ကထုတ်ပြောဖို့တောင် ဝန်လေးနေကြတဲ့အချိန်တွေကို ကြာရှည်စွာ ဆွဲဆန့်သလို နေလာခဲ့ကြတယ်။ အဘိုးကြီးကလည်း လေယာဉ်ပျံအပျက်တွေကြောင့်သာ မြို့ကလူတွေ သူ့အပေါ် အားကိုးတကြီးဖြစ်လာခဲ့တာပဲလို့ သဘောထားလေသလားမပြောတတ်ဘူး။ သူ့အနားက အကောင်းအတိုင်း ပျံတက်ထွက်ခွာသွားတဲ့ လေယာဉ်ပျံတစ်စီးတလေတောင်မှ မရှိသေးဘဲနဲ့ ဒီအပျက်အစီးတွေအားလုံးကို တစ်နေ့တည်းနဲ့ ရှင်းထုတ်နိုင်လိမ့်မယ်လို့တောင် စိတ်ကူးယဉ်နေသေးရဲ့။ နောက်ဆုံးဝှက်စာကို ဖော်နိုင်ရင် ရတနာတွေ ပိုင်ဆိုင်ရတော့မှာပဲလို့ ရူးရူးမိုက်မိုက် ယုံကြည်နေသူတစ်ယောက်လို နောက်ဆုံးအဆင့်ရောက်နေတဲ့ စမ်းသပ်ချက်တစ်ခုလို စမ်းသပ်နေသလိုပုံစံမျိုးနဲ့သာ အချိန်တွေကုန်ဆုံးခဲ့ရတယ်။ အဲဒါကလည်း သူ့စိတ်ထဲကို ဝင်ကြည့်မှသာ အတိအကျ သိနိုင်တော့မှာပါ။ သူ့စိတ်ကူးထဲမှာ ဒီလေယာဉ်ပျံအပိုင်းအစတွေကို တကယ်ပျောက်ဆုံးသွားစေချင်တာ ဟုတ်မဟုတ် ဆိုတဲ့အထိပေါ့။ လူတချို့ကတော့ ကွဲကွဲပြားပြား သိချင်နေခဲ့ကြပါတယ်။

(၄)

တစ်ခါတစ်ခါကျတော့လည်း လူ့စိတ်ဆိုတာ ပြောဖို့ခက်သလိုမျိုးပါပဲ။ တစ်နေ့မှာပေါ့လေ။ ကောင်းကင်က ပုံမှန်မဟုတ်တဲ့အသံနဲ့ မီးခိုးငွေ့တန်းကြီးတစ်ခု မထူးဆန်းစွာ မြို့ကလေးပေါ် ရောက်လာခဲ့ပြီပဲဆိုပါတော့။ အဲဒီ အသစ်ရောက်လာတဲ လေယာဉ်ပျံကြီးကလည်း သူ့အလိုလို ပျက်ကျလာတာမျိုးမဟုတ်ဘဲနဲ့ ရုတ်တရက် မြို့ပြင်မှာ အကောင်းအတိုင်း ဆင်းသက်လာခဲ့မယ်။ နောက်ပြီး အဘိုးကြီးဂျိုးကို တင်ဆောင်ပြီး မြို့ကလေးဆီကနေ ထွက်ခွာသွားခဲ့ပြီဆိုကြပါစို့။ မြို့က လူတွေဟာလည်း ရှေ့နောက်ဝဲယာ နေစရာမရှိတော့ လောက်အောင် လေယာဉ်ပျံအပျက်အစီးတွေနဲ့သာ ကျန်ခဲ့မယ်။ ဒီလိုသာ ဖြစ်လာခဲ့ ပြီဆိုကြပါစို့ဗျာ။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သစ်လွင်တောက်ပတဲ့ လေယာဉ်ပျံတစ်စီးနဲ့အတူ အဘိုးကြီးဂျိုးတစ်ယောက် လေယာဉ်ပျံအပျက်အစီးတွေအားလုံးကို ဖယ်ရှားလို့ရမယ့် နည်းပညာတစ်မျိုးမျိုး ဒါမှမဟုတ် အဖြေတစ်ခုခု ယူဆောင်ပြီး မြို့ကလေးဆီ နောက်ထပ်တစ်ကြိမ် ပြန်လာလိမ့်ဦးမယ်လို့များ မျှော်လင့်နေကြဦးမလား မပြောတတ်ဘူး။ အဲဒီလိုလူတွေက မြို့ကလေးမှာမရှိဘူး မဟုတ်ဘူး။ အဲဒီအချိန်ကို ရောက်လာမှာပဲ ဆိုပြီး မျှော်လင့်နေသူကလည်း မြို့ကလေးမှာ ဒုနဲ့ဒေး ရှိချင်ရှိနေနိုင်ပါသေးတယ်။