ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ထိုးနှက်ချက်အဖြစ် ဒဏ်ရာရကစားသမားစာရင်းတွင် နောက်ခံလူ မီလီတို ထပ်တိုးလာပြီး အင်္ဂါ နေ့ (ယနေ့) ကစားရမည့် ဂီတာဖေးအသင်းနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာအသင်းကစားသမား ၁၂ ဦးသာ ကျန်ရှိတော့ ကြောင်း သိရသည်။
ရီးယဲလ်အသင်းတွင် ဟာဇက်၊ ရိုဒရီဂို၊ ရာမို့စ်၊ ဗယ်လ်ဗာဒီ၊ ကာဗာဟယ်လ်၊ ဗက်ဇ်ကေး၊ အစ္စကိုနှင့် အော်ဒရီယိုဇိုလာတို့ ဒဏ်ရာရရှိနေသလို ယင်းစာရင်းတွင် ဘရာဇီးလ် နောက်ခံလူ မီလီတိုပါ ထပ်တိုးလာခြင်းဖြစ်သည်။

မီလီတိုသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် စနေနေ့က ဟွယ်ဆကာအသင်းနှင့်ပွဲကို လွဲချော်ခဲ့သလို တနင်္ဂနွေနေ့က လေ့ကျင့်မှုအစီအစဉ်ပြုလုပ်ရန်အတွက် စစ်ဆေးစဉ် ဒဏ်ရာ ရရှိနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် အားထားရသည့် ကွင်းလယ်လူ တိုနီကရို့စ်မှာလည်း ဟွယ်ဆကာနှင့်ပွဲတွင် အဝါကတ် ပြသခံခဲ့ရပြီး ငါးကတ်မြောက် အဝါကတ်ဖြစ်သောကြောင့် တစ်ပွဲပယ်ခံရမည်ဖြစ်ရာ ဂီတာဖေးအသင်းနှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။
သို့ဖြစ်ရာ ရီးယဲလ်အသင်းတွင် ဂိုးသမားနှစ်ဦးအပါအဝင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာအသင်းကစားသမား ၁၂ ဦးသာ ကျန်ရှိတော့ ခြင်းဖြစ်သည်။

ထို့ပြင် ဒူးဒဏ်ရာကြောင့် ဇန်နဝါရီလလယ်ပိုင်းကတည်းက အနားယူနေရသည့် အသင်းခေါင်းဆောင် ရာမို့စ်မှာလည်း ခွဲစိတ်ကုသမှုကြောင့် နှစ်လခန့် ထပ်မံအနားယူရ ဖွယ်ရှိကြောင်း သိရသည်။
ရာမို့စ်သည် ဇန် နဝါရီ ၁၄ ရက်က ဘီလ်ဘာအိုအသင်းနှင့် ကစားခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲနောက်ပိုင်းကတည်းက အနားယူနေရခြင်းဖြစ်ပြီး ရှေးရိုးနည်းဖြင့် ကုသသော်လည်း သုံးပတ်ကြာသည်အထိ နာကျင်မှုမသက်သာသဖြင့် စနေနေ့တွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းက ၎င်းအနားယူရမည့်ကာလကို အတိအကျထုတ်ပြန်ခြင်းမရှိသော်လည်း ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရနိုင်ကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

ရာမို့စ်အနေဖြင့် ဧပြီလဆန်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေရာ ယခုအခြေအနေမှာ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ရာမို့စ် (၃၄ နှစ်) နှင့် ရီးယဲလ်အသင်းတို့၏စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ငါးလသာ ကျန်ရှိတော့သည်။
၎င်းအနေဖြင့် လက်ရှိအချိန်အထိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးရာ နွေရာသီတွင် ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ရမည်ဖြစ်သည်။















