NLD ပါတီက တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်ခြင်းမရှိသေးသော်လည်း ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာရရှိရန် ကြိုးပမ်းသွားမည်ဟု ရခိုင်အမျိုးသားပါတီ ANP ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားသည်။
ပြည်နယ်အတွင်း အများဆုံးအနိုင်ရ ပါတီအနေဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအပြင် ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ခန့်အပ်ခွင့်ရရှိသင့်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံရေးလိုအပ်ချက်အရဆိုရင်တော့ နိုင်ငံရေးပါတီတစ်ရပ်ဟာ မိမိပြည်သူတွေအတွက် လုပ်ပိုင်ခွင့်ကို လိုလားလို့ပဲ နိုင်ငံရေးလုပ်ကြတာဖြစ်တယ်။ ဒါကြောင့် မိမိအများဆုံးအနိုင်ရတဲ့ဒေသမှာ အများကိုကိုယ်စားပြုတဲ့ လုပ်ပိုင်ခွင့်ကို လုပ်နိုင်ဖို့အတွက် ဝန်ကြီးချုပ်နေရာကိုလည်း ကျွန်မတို့ဘက်က တောင်းဆိုတာတွေရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌဆိုရင်လည်း အများဆုံးကိုကိုယ်စားပြုထားတဲ့ အနိုင်ရထားတဲ့ ပါတီတစ်ရပ်က ဖြစ်သင့်တယ်။ ဖြစ်ရမယ်ဆိုတာမျိုးလည်း ကျွန်မတို့ တင်ပြပြောဆိုတာတွေရှိတယ်” ဟု ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၅ နေရာသာကျင်းပနိုင်ခဲ့ပြီး ANP ပါတီက ခုနှစ်နေရာအနိုင်ရကာ NLD ပါတီက ငါးနေရာ၊ ရခိုင့်ဦးဆောင်ပါတီက နှစ်နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နေရာ အနိုင်ရရှိထားသဖြင့် တပ်မတော်သားငါးဦး အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၂၀ ဦးသာရှိမည်ဖြစ်သည်။
ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်သော်လည်း မဲရလဒ်ကျဉ်းမြောင်းမှုအရ ယတိပြတ်ပြော၍မရ သေးကြောင်း ဒေါ်အေးနုစိန်က ဆိုသည်။
“အဲဒီ ၂၀ မှာ ခုနစ်မဲဆိုတာကလည်း ၂၀ မှာ ၁၀ တောင်မဟုတ်ဘူး။ ၁၁ မဲတောင် မဟုတ်ဘူးဆိုတော့ ကံသေကမတော့ပြောလို့မရဘူး” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သော်လည်း တိုင်းနှင့်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုမူ လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်မှုဖြင့် ခန့်အပ်ခြင်းဖြစ်သည်။
NLD ပါတီက ပြည်နယ်လေးခုမှ အနိုင်ရတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးထားသော်လည်း ဇန်နဝါရီ ၂၈ ရက်အထိ ANP ပါတီကို တွေ့ဆုံရန် အကြောင်းကြားမှုမရှိသေးကြောင်း သိရသည်။
“မတွေ့ဆုံဖြစ်တော့မယ့် အနေအထားရယ်လို့ ကျွန်မတို့ဘက်က ယတိပြတ်ပြောလို့ ဘယ်ဖြစ်ပါဦးမလဲ။ ပြည်ထောင်စုအစိုးရဖွဲ့ ပြီးသွားပြီဆိုတာလည်း ကျွန်မတို့ တွေ့နေရတယ်။ ပြည်နယ်တိုင်းတွေမှာလည်း အတိုင်းအတာတစ်ခုအထိ နေသားတကျ နေရာချထားပြီးပြီဆိုတာလည်း သိနေရတယ်။ ဒါပေမဲ့ ဒီဖေဖော်ဝါရီ ၁ ရက်၊ ဖေဖော်ဝါရီ ၉ ရက် ဒီအထိကတော့ ကျွန်မတို့ဘက်က မတွေ့တော့ဘူးဆိုတဲ့ စကားလုံးကို ကြိုပြီးတော့ ပြောရင်တော့ မသင့်တော်ဘူးလေ” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။
ရခိုင်၊ ကရင်နှင့် ချင်းပြည်နယ်ရှိ အနိုင်ရတိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ကို လုံခြုံရေးအခြေအနေအရ စဉ်းစားနေကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဇန်နဝါရီ ၂၄ ရက် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် ပြောကြားထားသည်။
ANP ပါတီကို တွေ့ဆုံရန် ရှိ မရှိ NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိသဖြင့် မေးမြန်းနိုင်ခြင်းမရှိပေ။