ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် သစ်လွင်လက်ထောက် ဆရာဝန် ၄၀ ကျော်ကို ခန့်ထားပြီး ၎င်းတို့အနက် အများစုကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများတွင် စတင်တာဝန်ချထားပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနတွင် ခန့်အပ်တာဝန်ပေးနိုင်ရန် ပထမအကြိမ် ရွေးချယ်ခံရသော သစ်လွင်လက်ထောက်ဆရာဝန် ၄၉ ဦးရှိ ပြီး ၎င်းတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းစံပြဆေး ရုံကြီး၊ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ အရှေ့ပိုင်းဆေးရုံ ကြီး၊ သန်လျင်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ ကြီး (မန္တလေး)၊ ခုတင် ၃၀၀ ဆံ့ သင်ကြား ရေးဆေးရုံကြီး (မန္တလေး)၊ ပြင်ဦးလွင်ဆေးရုံကြီး၊ ခုတင် ၁၀၀၀ နေပြည်တော်ဆေးရုံကြီး၊ ပဲခူးပြည်သူ့ဆေးရံကြီး၊ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၊ ကော့သောင်း ပြည်သူ့ဆေးရုံကြီးများတွင် စတင်ခန့်အပ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
ယင်းသစ်လွင်လက်ထောက် ဆရာဝန်များကို ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ ကလေးကျန်းမာပညာ၊ အရိုးရောဂါပညာနှင့် မေ့ဆေးပညာတို့အား မဖြစ်မနေလေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများတွင် အလှည့်ကျတာဝန်ချထား ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဆေးရုံအုပ်ကြီးများကို အသိပေး အကြောင်းကြားထားသည်။
ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ် လက်ထောက်ဆရာဝန် ၈၄၀ ခေါ်ယူခဲ့ပြီး လျှောက်ထားသူ ၆၁ ဦးအနက် ပထမအသုတ်အဖြစ် လက်ထောက်ဆရာဝန် ၄၉ ဦး ရွေးချယ်ခန့်ထားခဲ့သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြေ ငြာစာအမှတ် ၆/၂၀၂၀ ဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူး ၈၄၀ နေရာအတွက် လျှောက်လွှာခေါ်ယူခဲ့ရာ ပထမအ ကြိမ် လျှောက်ထားသူ ၆၁ ဦး ( ကျား-၃၀၊ မ -၃၁) ရှိခဲ့ပြီး ကြော်ငြာစာအမှတ် ၆/၂၀၂၀ ၏ စာပိုဒ်(၅)နှင့်(၆)ပါ ဖော်ပြချက်များအရ လျှောက်ထားသူများအနက် လက်ထောက် ဆရာဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့က လက်ထောက် ဆရာဝန် ၄၉ ဦး (ကျား၂၂၊ မ ၂၇ ဦး) တို့ကို ပထမအကြိမ် ရွေးချယ်ခဲ့ခြင်းဖြစ် သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ် လက်ထောက်ဆရာဝန် ၈၄၀ ခေါ်ယူခဲ့ပြီး ၎င်းတို့ကို ပြည်ထောင် စုရာထူးဝန်အဖွဲ့က ရေးဖြေ၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများ ကင်းလွတ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လစ်လပ်လျက်ရှိသော လက်ထောက်ဆရာ ဝန် ရာထူး ၈၄၀ နေရာတွင် ခန့်ထားနိုင်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Facebook စာမျက်နှာတို့၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့၌ လည်းကောင်း၊ မြန်မာ့အလင်းသတင်းစာ၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်၌ လည်းကောင်း၊ ကြေးမုံသတင်းစာ၌ ဖေဖော်ဝါရီ ၁ ရက်၌ လည်းကောင်း လျှောက်လွှာများကို ယခုနှစ် မတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ရေးဖြေစစ်ဆေးခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရပါက ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း အခြေခံသင်တန်းများသို့ လတ်တလော တက်ရောက်စေခြင်း မပြုသေးဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းအသစ်များအဖြစ် ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ခံရရှိသော လျှောက်လွှာများကို နှစ်ပတ်တစ်ကြိမ် စိစစ်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အောင်စာရင်း ထုတ်ပြန်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။















