မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က လီဗာပူးလ်နှင့်ကစားမည့်ပွဲမှာ မိမိတို့အတွက် အကြီးမားဆုံးပွဲတစ်ပွဲဖြစ်ပြီး ဂိုးသွင်းနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် ရမှတ် (၃၆)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁)နေရာ၌ ရပ်တည်နေသည့် မန်ယူအသင်းသည် ဇန်နဝါရီ (၁၇)ရက်(တနင်္ဂနွေနေ့)တွင် အဆင့်(၂) နေရာမှ လီဗာပူးလ်အသင်း(၃၃ မှတ်)နှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရပ်ရှ်ဖို့ဒ်က အခါးသီးဆုံးပြိုင်ဘက်ဖြစ်သည့် လီဗာပူးလ်အသင်းဘက်သို့ ဂိုးသွင်းရသည်မှာ အလွန်ချိုမြိန်ကြောင်းနှင့် အန်ဖီးလ်ကွင်းတွင် ကစားမည့်ပွဲ၌ လီဗာပူးလ်အသင်းဘက်သို့ ဂိုးသွင်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော့်အတွက်တော့ လီဗာပူးလ် သို့မဟုတ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲတွေမှာ ဂိုးသွင်းရတာလောက် ချိုမြိန်တာ မရှိပါဘူး။ မန်ချက်စတာက ကလေးအတွက် လီဗာပူးလ်နဲ့ ကစားတဲ့ပွဲတွေဟာ ဂိုးသွင်းဖို့အတွက် အကြီးမားဆုံးပွဲတွေဖြစ်ပါတယ်။ ဒါကြောင့် အန်ဖီးလ်ကွင်းမှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားသွားမှာပါ"ဟု ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့်(၂)၊ (၃) ရရုံဖြင့် ကျေနပ်နေမည်မဟုတ်ဘဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှသာ ပျော်ရွှင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် (၁၇)ပွဲတွင် (၇)ဂိုးနှင့် ပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၁၄)ဂိုး သွင်းယူထားသည်။















