အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ယုံကြည်မှုရရှိသည့် အခြေအနေတည်ဆောက်ရန် ဆက်လက်ကြိုးစား ဆောင်ရွက်မည်ဟု KNU ကြေညာ

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ယုံကြည်မှုရရှိသည့် အခြေအနေတည်ဆောက်ရန် ဆက်လက်ကြိုးစား ဆောင်ရွက်မည်ဟု KNU ကြေညာ
Published 8 January 2021
မင်းနိုင်စိုး

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ယုံကြည်မှုရရှိသည့် အခြေအနေတည်ဆောက်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ပထမပတ်တို့တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်၍ KNU က အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်သည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကျဆင်းလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းပြင်းထန်ထန် တစ်ဖန်ပြန်လည်တိုးပွားမသွားရေးအတွက် ပြေလည်နိုင်ရေးနည်းလမ်းသည် NCA ပါ ပြဋ္ဌာန်းချက်များကို အခြေခံသည့် နှစ်ဖက်တပ်များအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းသာလျှင်ဖြစ်သည်ဟု KNU အနေဖြင့် ယုံကြည်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

KNU အနေဖြင့် NCA အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအား အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးခိုင်မာခြင်း၊ မှန်ကန်ပြီး တရားမျှတသည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးသဘောတူညီမှုရလဒ်များရရှိရေးကို တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြောင်း KNU က သတင်းထုတ်ပြန်ကြေညာသည်။

ထို့ပြင် KNU သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကိုကိုင်စွဲကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေး တစိုက်မတ်မတ် ကြိုးစားနေကြောင်းလည်း KNU က သတင်းထုတ်ပြန်ကြေညာသည်။

အထူးသဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ဘားအံမြို့၌ ပြုလုပ်ခဲ့သော KNU နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးတွင် KNU ၏ အဆိုပြုချက်ဖြစ်သည့် “ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်ရေးအာမခံရန်” ဆိုင်ရာကိစ္စများအား ဆက်လက်ညှိနှိုင်းခြင်းမရှိသည်မှာ ယနေ့အထိဖြစ်ကြောင်း KNU က ကြေညာချက်ထုတ်ပြန်သည်။

အကျိုးဆက်အနေဖြင့် အပစ်အခတ်ရပ်စဲထားသည့် နယ်မြေအတွင်းနေထိုင်သည့် ပြည်သူများ ဘဝလုံခြုံရေးတိုးတက်ဖြစ်ပေါ်မှု မရှိခြင်းအပေါ်တွင် လူထုကငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် စိတ်ပျက်ခြင်းနှင့်အတူ ယုံကြည်မှုများ ကျဆင်းနေကြောင်း KNU ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါကိစ္စကြောင့် လူထုဆန္ဒဖော် ထုတ်မှုများ၊ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများအသွင်ဖြင့် စဉ်ဆက်မပြတ် ပေါ်ပေါက်လာနေကြောင်း KNU က ကြေညာချက်ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ KNU ၏ အုပ်ချုပ်ရေးဒေသများဖြစ်သော ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူလူထုများက ၎င်းတို့၏ နိစ္စဓူဝဘဝကို အနှောင့်အယှက်ဖြစ်စေသည့် တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းရေး ဆန္ဒပြတောင်းဆိုမှုများအား စာနာထောက်ခံကြောင်းလည်း KNUI က ကြေညာချက်ထုတ်ပြန်သည်။

ထို့ကြောင့် “ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်ရေး” နှင့် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ယုံကြည်မှုရရှိသည့် အခြေအနေတည်ဆောက်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း LMI က ကြေညာချက်ထုတ်ပြန်ခဲ့သည်။                              

 

Most Read

Most Recent