သံတွဲမြို့နယ်၊ ငပလီမြို့ရှိ Amazing Ngapali Resort ၌ တည်းခိုနေသော ဧည့်သည်တစ်ဦးတွင် ဇန်နဝါရီ ၇ ရက်နေ့က ဆေးစစ်ချက်အရ COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဟိုတယ်တစ်ခုလုံးကို Lockdown လုပ်ထားကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်အချိန်တွင် Amazing Ngapali Resort ၌ တည်းခိုနေသော ဧည့်သည်တစ်ယောက်သည် မနက်ဖြန် ရန်ကုန်သို့ပြန်မည်ဖြစ်၍ ဆေးစစ်ရာ COVID-19 Positive ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဧည့်သည်သည် ဇန်နဝါရီ ၅ ရက်နေ့တွင် UB လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး တည်းခိုစဉ် ကာလတွင်လည်း သံတွဲ၊ ငပလီမြို့တွင်းသို့ သွားရောက် လည်ပတ်ခြင်းများလည်း ရှိကြောင်းနှင့် Positive test result ကြောင့် Amazing Ngapali Resort အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များအရ ဇန်နဝါရီ ၈ ရက်နေ့တွင် ခေတ္တခဏ ပြန်ပိတ်ထားမည် ဖြစ်ကြောင်း Amazing Ngapali Resort ၏ facebook page တွင် ဖော်ပြထားသည်။
လက်ရှိတွင် ပိုးတွေ့လူနာမှာ သံတွဲဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
Amazing Ngapali Resort သည် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တရားဝင် ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ဖြစ်ကြောင်းလည်း သိရသည်။















