ရခိုင်အမျိုးသားပါတီနှင့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားလူမျိုးများ၏ လူမျိုးစုတိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး

ရခိုင်အမျိုးသားပါတီနှင့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားလူမျိုးများ၏ လူမျိုးစုတိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ ၇ ရက်က ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားလူမျိုးများ၏ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တွေ့ဆုံဆွေးနွေးစဉ် Photo- ANP
ဇန်နဝါရီ ၇ ရက်က ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားလူမျိုးများ၏ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တွေ့ဆုံဆွေးနွေးစဉ် Photo- ANP
Published 7 January 2021

ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားလူမျိုးများ၏ လူမျိုးစု         တိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ဇန်နဝါရီ ၇ ရက်က တွေ့ဆုံခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအဆင့် တာဝန်ရှိသူများနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားပါတီများ၊ မရမာကြီးနှင့် ဟိန္ဒူအမျိုးသား ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၇ ရက်က စစ်တွေမြို့ရှိ ANP ပါတီရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

“ဒီလို တစ်ကွဲတစ်ပြားဖြစ်နေတဲ့ ပါတီတွေအနေနဲ့ ကိုယ့်ရဲ့မျိုးနွယ်စုအချင်းချင်း အားလုံးက ၀ိုင်းဝန်းညှိနှိုင်းဆောင်ရွက်ကြရင် ဘယ်အရေးအရာမဆို တောင့်တင်းအောင် စုစည်းနိုင်ပြီးတော့ အလုပ်တွင်မယ်ဆိုတာမျိုးနဲ့ ဟိုတုန်းက စိတ်သာရှိပြီးတော့ လက်တွေ့အားဖြင့် မဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားတွေကို ရှေ့ကဖြတ်သန်းလာခဲ့တဲ့ အခြေအနေတွေရဲ့ သာမှု၊ နာမှုအားလုံးကို ထည့်သွင်းစဉ်းစားပြီးတော့ အခုတစ်ခါ ညီညွတ်ရေးဆိုတာကို စုပေါင်းဆောင်ရွက်ကြတဲ့သဘောပါ” ဟု တွေ့ဆုံမှုနှင့်ပတ်သက်၍  ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

ANP ပါတီနှင့် တွေ့ဆုံပွဲသို့ ခမိအမျိုးသားပါတီ၊ မြိုအမျိုးသားပါတီ၊ ခမိဖွံ့ဖြိုးရေးပါတီ၊ ဒိုင်းနက်တိုင်းရင်းသားပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့မှ ကိုယ်စားလှယ်များနှင့် မရမာကြီးအမျိုးသားကိုယ်စားလှယ်၊ ဟိန္ဒူအမျိုးသားကိုယ်စားလှယ်တို့ တက်ရောက်ကြကြောင်း ANP ပါတီက ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲမှ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးကော်မတီကို ANP ပါတီမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးပွဲတက်ရောက်သည့် မျိုးနွယ်စုတိုင်း ရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

“မျိုးနွယ်စုပါတီဝင်တွေရဲ့ ကိုယ်စားလှယ်တွေ ANP ပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ စဉ်ဆက်မပြတ် ဒီလိုအလုပ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ ကိုယ်စားလှယ်အမည်စာရင်းတွေ အပြန်အလှန်ပေးပို့ဖို့ဆိုတဲ့ အခြေအနေကို ချမှတ်နိုင်ခဲ့ကြပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းပုံတွင် အခြားသော တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေး၊ မျိုးနွယ်စုဝင် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးကို ထည့်သွင်းပြဋ္ဌာန်းထားချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒါက ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံမှာကိုကရှိပါတယ်။ ရခိုင်တိုင်းရင်းသားဆိုတာဟာ ရခိုင်အပါအဝင် ကျန်မျိုးနွယ်စုဝင်အားလုံးကို ဆိုလိုတယ်။ ဒီမျိုးနွယ်စုဝင်တွေရဲ့ အကျိုးစီးပွားဟူသမျှကို ဆောင်ရွက်ပေးဖို့ တာဝန်ခံယူပြီးသားဖြစ်တာကို ကျွန်မတို့ ဖွဲ့စည်းပုံမှာလည်း တိတိကျကျပြဋ္ဌာန်းထားတာရှိပါတယ်” ဟု ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

ယခုကဲ့သို့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ရခိုင်အမျိုးသားပါတီ ပေါ်ပေါက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အဆိုပါ ANP တာဝန်ရှိသူကဆိုသည်။  

ဉာဏ်လင်းထွန်း

Most Read

Most Recent