ရှမ်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် RDT-Test Kit ဖြင့် COVID-19 ရောဂါ ရှိ မရှိ လူတိုင်း စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး နေရာ ရွေးချယ်နေ

ရှမ်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် RDT-Test Kit ဖြင့် COVID-19 ရောဂါ ရှိ မရှိ လူတိုင်း စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး နေရာ ရွေးချယ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အား တွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အား တွေ့ရစဉ်
Published 7 January 2021
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် RDT-Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ မရှိ လူတိုင်း စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေရာရွေးချယ်နေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ RDT-Test Kit ဖြင့် COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် လူတစ်ယောက်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စစ်ဆေးဆောင်ရွက် နိုင်မည်ဖြစ်ပြီး Test Kit အခုရေ တစ်သောင်းကို မှာယူထားကာ ပစ္စည်းများ ရောက်လာလျှင် လုပ်ငန်းစတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းတွေ အပြောင်းအရွေ့ဝင်လာရင် ၁၄ ရက်ပေ့ါ။ ခုက အပြောင်းအရွေ့ကာလ ဖြစ်နေလို့ပေ့ါ။ ဟုတ်တယ် ကိုယ်တို့ လူတိုင်းဆေးစစ်နိုင်ဖို့ နေရာရွေးနေတယ်။ အခု Test Kit တစ်သောင်း မှာထားပြီး ရက်ပိုင်း ရောက်တော့မယ်။ Public Center တစ်ခု ဖွင့်ပေးမှာပေ့ါ။ နေရာရွေးနေတယ်။ ရေရှည်အတွက်လည်း ဖြစ်ရမယ် ကျယ်ကျယ်ဝန်းဝန်းလည်း ဖြစ်ရမယ်။ ပြီးရင်တော့ ပြည်သူလူထုထံ ကြေညာမှာပေ့ါ။ မြန်မာငွေ တစ်သောင်းနဲ့ပေ့ါ၊ စစ်ဆေးဖို့ စီစဉ်နေတယ်။ စမ်းသပ်ရုံသက်သက်ပေ့ါ။ ပြည်သူလူထုက ခရီးသွား ချင်တာတွေလည်း ရှိတယ်။ ဘယ်မှာ စစ်ရမလဲ မသိတာတွေလည်း ရှိတယ်။ ပြည်သူအတွက် သီးခြားလုပ်ထားတာ မရှိဘူး ဖြစ်နေလို့၊ ကိုယ့်ကိုယ်ကို စိတ်မချလို့ဖြစ်ဖြစ်၊ ခရီးသွားချင်လို့ ဖြစ်ဖြစ်ပေါ့။ နေရာလေး ရွေးနေတယ်” ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ဆိုသည်။

“ရှမ်းပြည်နယ် တစ်ခုလုံးပါဗျ။ မြို့တိုင်းမှာ စစ်ဆေးဆောင်ရွက်နိုင်ရေး လုပ်ထားပါတယ်။ စစ်လို့ရတဲ့ မြို့နယ်တွေမှာပဲ စစ်မှာလေ။ ဒီတစ်ပတ်တွင်းဆိုတော့ နက်ဖြန် သဘက်ခါတောင် ရောက်လာမယ် ထင်တယ်။ မြို့နယ်အလိုက် ခွဲပြီးလုပ်ထားတာ၊ တောင်ကြီးမှာ မြို့တော်ခန်းမကို အကြမ်းဖျဉ်း လျာထားတယ်။ ကြိုက်တဲ့သူ လာစစ်၊ တစ်သောင်း သွင်းရင် စစ်လို့ရမယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ဆိုသည်။

ရှမ်းပြည်နယ်တွင်းသို့ တာဝန်နှင့် ပြောင်းရွှေ့လာမည့် ဝန်ထမ်းများ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ် ပါရှိသော်လည်း Quarantine ၁၄ ရက် နေထိုင်ရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သတင်းရရှိသည်။

နေပြည်တော်ကောင်စီ၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ရှမ်းပြည်နယ်အတွင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်း၊ တပ်ဖွဲ့ဝင်များတွင် COVID-19 ရောဂါပိုး မရှိကြောင်း Negative ထောက်ခံချက် ပါရှိသည်ဖြစ်စေ၊ မပါရှိသည့်ဖြစ်စေ ၎င်းတို့ တာဝန်ကျသည့် ဒေသသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် Quarantine ၁၄ ရက် ဝင်ရောက်စေ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးဆောင်ရွက်ပြီး ရောဂါပိုး မရှိကြောင်း Negative အဖြေရရှိမှသာ တာဝန်ထမ်းဆောင်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရှိလိုက်နာ ဆောင်ရွက်သွားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် ညွှန်ကြားချက်ကို ရှမ်းပြည်နယ်တွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ အသီးသီးထံသို့ ပေးပို့ထားကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက် မွန်းလွဲပိုင်းအထိ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့လူနာပေါင်း ၉၆၀ ဦး၊ လက်ရှိဆေးရုံ တက်ရောက်ကုသနေသူပေါင်း ၂၂၀ ဦး၊ ကိုဗစ်ရောဂါ ပြန်လည်ကင်းစင်လာသူဟု သတ်မှတ်သူပေါင်း ၇၃၇ ဦး၊ သေဆုံးသူ ၃ ဦး ရှိကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

 

 

Most Read

Most Recent