စပါးအသင်းသည် လန်ဒန်မြို့မြောက်အရပ်၌ရှိသော ၎င်းတို့၏အိမ်ကွင်းအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးသည့် စင်တာအဖြစ် အသုံးပြုနိုင်ရန် နေရာလှူဒါန်းထားကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
စပါးအသင်းသည် ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ယမန်နှစ် နှစ်စပိုင်းကပင် ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ ထိထိရောက်ရောက်ပါဝင်ကူညီပေးနေသည့်အသင်းဖြစ်သည်။
ယမန်နှစ်မတ်လအတွင်း ဗြိတိန်၌ ပထမအကြိမ် Lockdown ကာလသတ်မှတ်စဉ်ကတည်းက စပါးအသင်းသည် ၎င်းတို့၏အိမ်ကွင်းအား ရောဂါပိုးစမ်းသပ်ရေးနှင့်ကုသရေးစင်တာအဖြစ်အသုံးပြုနိုင်ရန် ကူညီပေးခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ကလည်း ၎င်းင်းတို့၏ ဝင်ဘလေကွင်းကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးသည့် စင်တာအဖြစ်အသုံးပြုနိုင်ရန် ကမ်းလှမ်းထားသော်လည်း ကွင်းအတွင်းပိုင်းဖွဲ့စည်းပုံများနှင့် လည်ပတ်ပုံများအရ ကာကွယ်ဆေးထိုးစင်တာအဖြစ်အသုံးပြုနိုင်ရန် မလွယ်ကူကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ဗြိတိန်၌ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ စတင်နေပြီး အဓိကလိုအပ်ချက်ရှိသူများကို ဦးစားပေးထိုးနှံသည့်အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဗြိတိန်ရှိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများမှာ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။















