ချင်းပြည်နယ် တီးတိန်မြို့နယ်၌ COVID-19 ဒေသတွင်း ကူးစက်မှု မြင့်တက်လာပြီး သေဆုံးသူနှစ်ဦး ရှိလာကာ တီးတိန်မြို့နယ် တွီးထန်ကျေးရွာတွင်လည်း COVID-19 လူနာ ၃၅ ဦးရှိကြောင်း သိရသည်။
“လောလောဆယ် ဆိုးတာက တွီးထန်ရွာပါ။ အသွားအလာ ကန့်သတ်လိုက်တော့ လူနာက တိုးမလာဘူး။ ရှိတဲ့လူကို တွီးထန်မှာပဲ ထိန်းထားတယ်။ ချင်းပြည်နယ် အစိုးရအနေနဲ့ တွီးထန်အတွက် ဆန်နဲ့ တီးတိန်နယ်အတွက် ကိုဗစ်ကာလမှာ အသုံးပြုဖို့ ကားတစ်စီး တောင်းထားတယ်။ မနေ့က ဆုံးသွားတဲ့ အဖိုးကြီးက သေတဲ့အခါ စစ်လိုက်တော့ COVID-19 Positive၊ တီးတိန်မြို့ပေါ်က လမ်းပိုင်းတစ်ပိုင်း ကန့်သတ်ထားတယ်။ တစ်မြို့လုံး အဝင်အထွက် ကန့်သတ်ဖို့ပါပဲ။ ဒေသန္တရ အခြေအနေအရ ဆက်လုပ်ဖို့ လုပ်ထားတယ်။ တီးတိန်မြို့နယ်မှာ သေဆုံးတဲ့သူ နှစ်ယောက်ပါ။ ကျန်းမာရေးရဲ့ လမ်းညွှန်ချက်အရပေါ့။ လောလောဆယ် တစ်ရပ်ကွက်တော့ အသွားအလာ ကန့်သတ်ထားတယ်။ တစ်မြို့လုံးလုပ်ဖို့က ပြည်ထောင်စု လမ်းညွှန်ချက် တောင်းရမယ်။ တွီးထန်က ဒီအတိုင်းဆို ငြိမ်သွားပြီပြောရမယ်။ နှစ်ပတ်တိတိ လျော့တာပဲရှိမယ်။ အတိုး ရှိ မရှိ နှစ်ပတ်စောင့်ကြည့်မယ်ပေါ့။ ရောဂါဖြစ်ပွားမှု ရပ်တန့်သွားတဲ့ သဘောပါ။ ဒါပေမယ့် ဆက်လက်ထိန်းသိမ်းဖို့ မပေါ့ဖို့။ နှစ်ပတ်အတွက် ဒီအတိုင်း ထိန်းသိမ်းနိုင်ရင်တော့ တွီးထန်ကို လျှော့ပေါ့ပေးမှာပါ” ဟု ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောကြားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းတွင် COVID-19 Positive လူနာ ပထမဆုံး တွေ့ရှိခဲ့ပြီး ယနေ့အချိန်အထိ ချင်းပြည်နယ်အတွင်း COVID-19 ကူးစက်ခံရသူပေါင်း ၂၇၇ ဦးရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
“တီးတိန်မြို့နယ်တော့ COVID-19 ရောဂါကြောင့် နှစ်ယောက်တော့ ဆုံးသွားပြီ။ သူတို့က အသက် ၆၀ ကျော်တွေ။ အခု လောလောဆယ် တီးတိန်အခြေအနေက တချို့ဆိုင်တွေက ပိတ်သွားပြီ။ တီးတိန်မြို့ မြို့မရပ်ကွက်က အချို့လမ်းတွေ Lockdown ချထားတယ်။ Positive ကတော့ နေ့တိုင်းတိုးနေတာပဲ။ တီးတိန်ကို Stay at Home ကို ဘယ်အချိန် လုပ်မယ်ဆိုတာ သိပ်မသေချာဘူး။ ဒီထက် အခြေအနေ ဆိုးရင်တော့ Stay at Home လုပ်မှာပေါ့။ အခုအခြေအနေက တီးတိန်မှာက နေ့တိုင်း Positive ထွက်တယ်။ Stay at Home လုပ်မှ ကာကွယ်ထိန်းချုပ်နိုင်မယ်လို့ မြင်တယ်။ Stay at Home လုပ်မယ်ဆိုရင်လည်း အရေးယူမှုအပိုင်းမှာ ပိုပြီးအရေးထားမယ်ဆိုရင် ပိုထိန်းချုပ်နိုင်လိမ့်မယ်။ ပြည်သူလူထု အနေနဲ့လည်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ လိုက်နာဖို့လိုမယ်။ ရောဂါဖြစ်ပွားနှုန်း ပိုသက်သာမှာပါ” ဟု တီးတိန်မြို့မှ Volunteer တစ်ဦးဖြစ်သူ ကိုမုန်နိုးက ပြောကြားသည်။
တီးတိန်မြို့နယ်တွင် COVID-19 ရောဂါ ဒေသတွင်း ကူးစက်မှုများ မြင့်တက်နေပြီး သေဆုံးသူနှစ်ဦး ရှိလာကာ Stay at Home ပြုလုပ်ရန် အစီစဉ်ဆောင်ရွက်နေခြင်း မရှိသေးဘဲ စောင့်ကြည့်နေဆဲကာလ ဖြစ်သည်ဟု သိရသည်။
“အခုတွီးထန်မှာ COVID-19 လူနာ ၃၅ ယောက်ပါ။ သေဆုံးသူတစ်ယောက်ပါ။ ကျေးရွာမှာက ၂၂ ယောက်ပါ။ အခု လောလောဆယ်တော့ ထပ်မဖြစ်သေးဘူး။ Home Quarantine ထားတာရယ်၊ Facility Quarantine ထားတာ ၈၂ ယောက်ရှိတယ်။ သူတို့ကို နောက်တစ်ခါ ပြန်စစ်ရင် ပေါ်လာရင် ပေါ်လာမှာပေါ့။ အဲဒါမှ မပေါ်လာဘူးဆို လောလောဆယ် မရှိသေးဘူး။ တွီးထန်ကို အသွားအလာ ကန့်သတ်ထားပါတယ်။ အခက်အခဲတွေတော့ သိပ်မရှိပါဘူး။ အဖက်ဖက်ကနေ လာရောက်ပံ့ပိုးတဲ့သူ ရှိပါတယ်။ စားနပ်ရိက္ခာတွေ လာလှူဒါန်း သွားတာရှိပါတယ်။ ဒီနေ့ဆို ချင်းပြည်နယ်အစိုးရနဲ့ ကလေးမြို့က လာလှူတာတွေ ရှိတယ်” ဟု တွီးထန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇမ်ရှန်းလျန်းက ပြောကြားသည်။















