မသင်္ကာဖွယ် လူတစ်ဦးအား စစ်ဆေးရာမှ ရွှေပြည်သာမြို့နယ်တွင် တရားမဝင် ရောက်ရှိနေသည့် ဘင်္ဂါလီ ၉၉ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာမြို့မ ရဲစခန်းရှေ့ရှိ ဘုရင့်နောင် လမ်းမပေါ်တွင် မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား တွေ့ရှိရပြီး ၎င်းသည် ဘင်္ဂလီ ရေလုပ်သား တစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အခြားသူများလည်းရှိကြောင်း ပြောပြချက်အရ သွားရောက် စုံစမ်းရှာဖွေရာ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့ရှိ နေအိမ်များတွင် တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ အမျိုးသား ၂၆ ဦး နှင့် အမျိုးသမီး ၇၃ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ကျွန်တော်တို့ စခန်းရှေ့ ဘုရင့်နောင်လမ်းပေါ်မှာ ဘင်္ဂါလီတစ်ယောက်ကို ခေါ်ယူစစ်ဆေး လိုက်တာပါ။ အဲဒီတစ်ယောက်ကို စစ်ဆေးလိုက်တဲ့အခါမှာ သူနဲ့အတူ တခြားသူတွေ ပါသေးတယ် ဆိုပြီးတော့ သတင်းပေးချက်အရ ကွင်းဆက်ကို အတည်ပြုလိုက်တာ ၉၉ ယောက် ရရှိပါတယ်။ ယောက်င်္ကျာလေးက ၂၆ ယောက်၊ မိန်းမက ၇၃ ယောက်ပါ” ဟု ရွှေပြည်သာမြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်မောင်လွင်က ပြောကြားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်ရန် ကွန်ပျူတာတက္ကသိုလ်တွင် အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။
“လောလောဆယ်မှာ ကိုဗစ်ကာလဖြစ်တော့ လက်ရှိထိန်းသိမ်းထားတဲ့ သူတွေကို ကွန်ပျူတာ တက္ကသိုလ်က Q စင်တာကို ပို့ထားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အစာရေစာတွေ ကျွေးပြီးတော့ ညွန်ကြားချက်နဲ့အညီ ဆက်လက် ဆောင်ရွက်မှာပါ” ဟု ဒုတိယရဲမှူး တင်မောင်လွင်က ပြောကြားသည်။
ယင်းသို့ ဖမ်းဆီးရမိရမှုနှင့် ပတ်သက်ပြီး ဘင်္ဂါလီများကို ခေါ်ဆောင်လာသည့် ပွဲစားများဖြစ်သော အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို အမှုဖွင့်အရေးယူထားပြီး တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။















