ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်တပ်စခန်းများ ရုပ်သိမ်းပေးရန်နှင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်

ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်တပ်စခန်းများ ရုပ်သိမ်းပေးရန်နှင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်
Published 6 January 2021

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရန်နှင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအား ရပ်တန့်ပေးရန်အတွက် ဒွယ်လိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလေးခုမှ ဒေသခံများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒွယ်လိုးမြို့နယ်အတွင်းရှိ မဲဝယ်၊ မဲသူ၊ လေးခေါ်ထိ၊ နားကိုခီးစသည့် ကျေးရွာအုပ်စုလေးခုမှ ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Thoolei News- KNU -Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

ကျေးရွာအုပ်စုလေးခုမှ ဒေသခံအင်အား စုစုပေါင်း တစ်ထောင်ကျော်ခန့်သည် ခေါ၀ါးမှ ခေါဖိုးခီးသို့ လမ်းမကြီးအတိုင်း ချီတက်ဆန္ဒဖော်ထုတ်ကြပြီး ၎င်းတို့၏သဘောထားများ၊ ကန့်ကွက်စာများ၊ တောင်းဆိုချက်များနှင့် ကြွေးကြော်သံများကိုလည်း ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း Thoolei News-KNU-Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားခြင်းမျိုးဖြစ်သည့် တပ်အင်အားတိုးမြှင့်နေရာချခြင်း၊ အချို့တပ်များမှာ ကျေးရွာအတွင်း၌ နေရာယူစခန်းချခြင်း၊ စစ်မှုရေးရာများအတွက် စီစဉ်ဆောင်ရွက်ခြင်း၊ သတ်မှတ်နယ်မြေကျော်လွန်ပြီးသွားလာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) နှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်း၊ နောက်ဆက်တွဲအဖြစ် ကျေးရွာအတွင်းနှင့် လယ်မြေစားကျက်ကွင်းများသို့ တပ်မတော်စစ်ကြောင်းက လက်နက်ကြီးများပစ်ခတ်ခြင်းများ၊ ရဟတ်ယာဉ်များ၊ Drone များကို အသုံးပြု၍ စစ်ရေးထောက်လှမ်းမှုများ ပြုလုပ်နေကြောင်းနှင့် အဆိုပါအကြောင်းအရာများအပေါ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း Thoolei News-KNU-Department of Information Facebook Page ၏ သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဖာပွန်ခရိုင်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေစိုးမိုးမှုအတွက် ကားလမ်းဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုအပေါ်တွင်လည်း ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း Thoolei News-KNU-Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

ထိုကဲ့သို့ တပ်မတော်စစ်ကြောင်း၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများအနေဖြင့် စိတ်မချမ်းသာ ဖြစ်နေကြရသည့်အပြင် အချို့မှာ ၎င်းတို့၏ကျေးရွာများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်စားသောက်ရန် စိုးရိမ်မှုများရှိနေကြောင်း၊ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ရာသီဥတုဒဏ်နှင့် ပြေးလွှားရှောင်ပုန်းရခြင်းဒုက္ခများကို ရင်ဆိုင်နေရကြောင်း Thoolei News-KNU-Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

လတ်တလောအဖြစ်အပျက်များသည် နိုင်ငံရေးအရ ဖြေရှင်းရန် အရေးကြီးသဖြင့် သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ကနဦးဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း Thoolei News-KNU-Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ဒေသခံများ ခံစားနေရသောဖြစ် စဉ်များနှင့်ပတ်သက်၍ KNU အနေဖြင့်လည်း အရေးတယူ ဖြေရှင်းပေးရန်၊ ဆက်လက်ပြီး ကုလသမဂ္ဂထံသို့လည်းကောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုရာတွင် ပါဝင်ခဲ့ကြသော နိုင်ငံတကာ အသိသက်သေများထံသို့လည်းကောင်း တင်ပြတောင်းဆိုပြီး အစိုးရနှင့် တပ်မတော်ကို ဖိအားပေး တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း Thoolei News-KNU-Department of Information Facebook Page က သတင်းဖော်ပြခဲ့သည်။

ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းအနီး တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မဲဝိုင်စခန်းရှိ တပ်မတော်၏ တပ်စခန်းအား ပြောင်းရွှေ့ပေးရန် KNLA က တောင်းဆိုထားကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ထို့ပြင် မဲဝိုင်စခန်းကိစ္စသည် တပ်မတော်နှင့် KNU တို့အကြား အတူတကွလက်တွဲဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သွေဖည်နေသည့်အတွက် KNLA အား ထိန်းသိမ်းကြပ်မတ်ပေးရန် တပ်မတော်က KNU ဗဟိုထံ စာပေးပို့ထားကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most Read