၂၀၂၁ MNL ပြိုင်ပွဲကို အသင်းပေါင်း ၁၀ သင်း၊ MNL-2 ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပရန် ဆုံးဖြတ်

၂၀၂၁ MNL ပြိုင်ပွဲကို အသင်းပေါင်း ၁၀ သင်း၊ MNL-2 ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပရန် ဆုံးဖြတ်
Photo: MNL
Photo: MNL
Published 6 January 2021

 

ဇန်နဝါရီ ၆ ရက်က အွန်လိုင်းကပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးအပြီးတွင် ၂၀၂၁ MNL ပြိုင်ပွဲကို အသင်းပေါင်း ၁၀ သင်း၊ MNL-2 ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။



၂၀၂၀ ရာသီ MNL ပြိုင်ပွဲတွင် ရာသီကုန်အထိ ယှဉ်ပြိုင်ခဲ့သည့်အသင်း ၁၀ သင်းအနက် မကွေးနှင့် Southern အသင်းတို့သာ နုတ်ထွက်ခဲ့ပြီး စစ်ကိုင်းအသင်းက ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ရှစ်သင်းကျန်ရှိနေပြီး ၂၀၂၀ ရာသီ MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ဇယားထိပ်ပိုင်းတွင် ရပ်တည်ခဲ့သည့် Chinland နှင့် မြဝတီအသင်းတို့ကို တန်းတက်ခွင့်ပြုကာ ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ 

ထို့ကြောင့် ၂၀၂၁ ရာသီ MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ ရတနာပုံ၊ ရခိုင်၊ စစ်ကိုင်း၊ အားကာသိပ္ပံ၊ ့ Chinland နှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာအထိကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ကျင်းပမည့်ရက်များ ထုတ်ပြန်မည်ဖြစ်သည်။ ကပ်ရောဂါကြောင့် ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကိုမူ ကပ်ရောဂါအပေါ်မူတည်၍ အိမ်ကွင်း၊ အဝေးကွင်းကျင်းပမည်ဖြစ်သည်။

MNL-2 ပြိုင်ပွဲတွင် ပြီးခဲ့သည့်ရာသီယှဉ်ပြိုင်ခဲ့သည့်အသင်း ရှစ်သင်းအနက် နှစ်သင်းမှာ တန်းတက်ခွင့်ရခဲ့သဖြင့် ခြောက်သင်းကျန်ရှိနေပြီး အသင်းသစ် နှစ်သင်း ထပ်တိုးလာမည်ဖြစ်သည်။ အသင်းသစ် နှစ်သင်းတွင်  ၂၀၁၉ ရာသီကုန်တွင် ဖျက်သိမ်းခဲ့သည့် ဒဂုံအသင်း ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းသစ်တစ်သင်း၏အမည်ကို ထပ်မံကြေညာမည်ဖြစ်သည်။ 

MNL-2 ပြိုင်ပွဲကို မေလမှ သြဂုတ်အထိ ကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လိဂ်နှစ်ခုအပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတို့ကိုလည်း ကျင်းပမည့်လျာထားရက်များသာ ထုတ်ပြန်နိုင်သေးကြောင်း သိရသည်။ 

Most Read

Most Recent