ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် အောင်မြင်နေသော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကန်ခုနစ်ဆင့် အပန်းဖြေနေရာတွင် COVID-19 ကြောင့် ပိတ်ထားသော်လည်း ဧည့်သည်များ ဝင်ရောက်လာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သောကြောင့် တနီးလားလဲကျေးရွာ လူငယ်များမှာ လုပ်အားပေး သန့်ရှင်းနေရသည်ဟု သိရသည်။
ဇန်နဝါရီ ၄ ရက်တွင် ကန်ခုနစ်ဆင့် အပန်းဖြေနေရာပတ်လည်နှင့် ကန်ရေထဲသို့ ကျနေသော အမှိုက်များကို တနီးလားလဲကျေးရွာနေ လူငယ်အဖွဲ့မှ စုပေါင်းကောက်ယူခဲ့ပြီး ကန်အတွင်းဝင်မည့် လမ်းများအားလည်း COVID-19 ကာလ ပိတ်ထားခဲ့သော်လည်း လုံးဝဝင်မရစေရန် လုံခြုံစွာထပ်မံ ပိတ်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။
“အမှိုက်ကောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကန်ခုနစ်ဆင့်အနေနဲ့ပေါ့ ကျွန်တော်တို့ အခုချိန်ကလည်း COVID-19 ကြောင့် ကပ်ရောဂါဖြစ်တဲ့ချိန်မှာလည်း လူကလည်း အများကြီး လာကြတာပေါ့နော်။ ခရီးသွားလုပ်ငန်းတွေ လာပြီးတော့ အပန်းဖြေကြတဲ့နေရာမှာ ကျွန်တော်တို့လည်း တားမြစ်ပါတယ်။ တားမြစ်တဲ့အချိန်မှာ ကျွန်တော်တို့လည်း ခြံကာထားတယ်။ နောက်တံခါးတွေ လာဖွင့်ဖွင့်ပြီးတော့ ဝင်လာ လာတည်းကြ၊ လာအပန်းဖြေကြတယ်။ ဒါကျွန်တော်တို့ ရွာကနေပြီးတော့ ကျွန်တော်တို့ တာဝန်ရှိတဲ့ ဒီကန်ခုနစ်ဆင့် ထိန်းသိမ်းရေးကော်မတီ အဖွဲ့တွေပေါ့နော် လိုက်ပြီး ပြောနေတဲ့အချိန်မှာလည်း ကိုယ်ကလည်း မနိုင်တော့ဘူးပေါ့နော်။ မနိုင်တဲ့ချိန် လူက ထပ်တိုးလာတဲ့ ချိန်ကျတော့ ကိုယ်ကလည်း မနိုင်တဲ့ချိန်ကျတော့ မြို့ကနေ လာပြီးတော့ လူစုလူဝေးလာလုပ် လာအပန်းဖြေ နောက်လာဝိုင်းအုံကြ နောက်ပြီးတော့ အမှိုက်တွေလည်း လာပစ်ချသေးတယ်။ ကျွန်တော်တို့ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ရောဂါကို လာချပေးတဲ့ပုံ ဖြစ်နေတယ်။ အမှိုက်ကိုလည်း ပြန်မသိမ်းသွားဘူးပေါ့”ဟု ကန်ခုနစ်ဆင့် ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး (၂ ) ခူးတီရယ်က ပြောကြားသည်။
ကန်ခုနစ်ဆင့်မှာ လွိုင်ကော်မြို့မှ ကားဖြင့် သွားရောက်ပါက နာရီဝက်ခန့်သာကြာပြီး စုစုပေါင်း ရေကန် ခုနစ်ကန်မှာ ပတ်လည် တည်ရှိနေပြီး ကယားပြည်နယ်တွင်း အလှဆုံး ရေထွက်ကန် ဖြစ်သည့်အပြင် ရိုးရာအရ ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့သည့် နေရာလည်းဖြစ်ကြောင်း သိရသည်။
“ခုလောလောဆယ်က အမှိုက်လာပွတဲ့ခါကျတော့ စိတ်ထဲမှာလည်း မကောင်းဘူး။ လာဆိုလည်း အပျော်သက်သက်ပဲ။ တချို့တွေက သိချင်လို့ စူးစမ်းလေ့လာချင်လို့ လာတယ်ဆိုတော့ လာလို့ရတယ် ဒါပေမဲ့ အမှိုက်တွေ ဘာတွေ လာပွရင်တော့ ပြန်သိမ်းပေးပေါ့။ အမှိုက်ပုံးထဲ သေသေချာချာ ပြန်သိမ်းပေးဖို့” ဟု တနီးလားလဲ လူငယ်အတွင်းရေးမှူး မော်ဦးမြာက ဆိုသည်။
ကန်ခုနစ်ဆင့်မှာ ရေအရင်းအမြစ် အားကောင်းပြီး ကျေးရွာများမှ နတ်တောင်များအဖြစ် တောတောင် ထိန်းသိမ်းခြင်းများ ပြုလုပ်ထားခဲ့ကြပြီး ပတ်လည်ကျေးရွာ ၂၀ ကျော်ခန့်မှာလည်း သောက်သုံးရေ စိုက်ပျိုးရေအဖြစ် အသုံးပြုကြကြောင်း၊ ယခင်က နတ်ကြီးသည့် နေရာအဖြစ် အညစ်အကြေး မစွန့်ရန် သမီးရည်းစားစုံတွဲများ မဖွယ်မရာ မပြုလုပ်ကြရန် တားမြစ်စာတန်းများ ကပ်ထားပြီး မလိုက်နာပါက ကျေးရွာသို့ အပြစ်ဆေးကြောပေးရန်အတွက် လျော်ကြေးပေးဆောင်ရကြောင်းလည်း သိရသည်။
ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကန်ခုနစ်ဆင့်အား ဟိုတယ်လုပ်ငန်းရှင်များ လာရောက်၍ ကန်ဘေးတွင် ဟိုတယ်ဆောက်ရန် လာရောက် ကွင်းဆင်းကြသော်လည်း ကျေးရွာများမှ အပန်းဖြေနေရာအဖြစ်သာ သုံးရန်ခွင့်ပြုသဖြင့် ဟိုတယ်လုပ်ငန်းရှင်များ လာရောက်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။















