ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 ကူးစက်မှုများပြားနေခြင်းကြောင့် ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာရန် လိုအပ်နေသည့်အခြေအနေဖြစ်ကြောင်း တိုင်းကျန်းမာရေးမှူး ပြောကြား

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 ကူးစက်မှုများပြားနေခြင်းကြောင့် ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာရန် လိုအပ်နေသည့်အခြေအနေဖြစ်ကြောင်း တိုင်းကျန်းမာရေးမှူး ပြောကြား
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသနေရသည့် လူနာများကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသနေရသည့် လူနာများကို တွေ့ရစဉ်
Published 4 January 2021
အိသဥ္ဇာကျော်

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 ကူးစက်မှု များပြားနေခြင်းကြောင့် ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာရန် လိုအပ်နေသည့် အခြေအနေဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“ ဗီဇပြောင်း B117 ဒီဟာတွေ့ရှိမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ရောက်နေပြီလားဆိုပြီးတော့။ ဗီဇပြောင်းလဲတယ်ဆိုတာလည်း ဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝအရတော့ ဖြစ်တတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မန္တလေးတိုင်းက ဓာတ်ခွဲနမူနာ ၁၁ ခု၊ ရန်ကုန်နဲ့ ပဲခူးက ဓာတ်ခွဲနမူနာ ၁၁ ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ စတုထ္တပတ်ထဲမှာ ဆေးသုတေသနဦးစီးဌာနမှာရှိတဲ့ အဆင့်မြင့် မော်လီကျူးဌာနမှာ ဓာတ်ခွဲစစ်ဆေးခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာတော့ လက်ရှိ ယူကေတို့ ဂျပန်တို့မှာ တွေ့တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်အမျိုးအစား B117 ဒါနဲ့ ဆင်တူတာတော့ မတွေ့ရှိရပါဘူး။ ဒီထဲမှာ ဆင်တူတာတော်တော်များများ တွေ့ရတာကတော့ ရခိုင်ပြည်နယ်ကနေ တွေ့ရှိတဲ့ ဗီဇမျိုးနဲ့ ဆင်တူတာတော့ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာရှိပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးကွဲသစ်ကို B.1.1.7 မျိုးဗီဇဟု အမည်ပေးထားပြီး ထိုသန္ဓေပြောင်း ဗိုင်းရပ်စ်သည် ဗြိတိန်၊ တောင်အာဖရိက၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အခြားသော နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

“ အခုဆိုရင် COVID Second Wave ကို ထိန်းချုပ်နိုင်တော့မယ့် အခြေအနေပါ။ အခုဆို Case တွေလည်း ကျလာတာ အားလုံးသိတဲ့အတိုင်းပါပဲ။ အဲဒီအခြေအနေမှာပဲ ဒီ ဗီဇပြောင်း ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကလည်း ကျွန်တော်တို့ ကြုံနေရပါတယ်။ အခုဆို အမေရိကတို့ ကနေဒါတို့မှာဆိုရင်လည်း တွေ့နေရတယ်။ နောက်တစ်ခါ ယူကေဆိုရင်လည်း အများကြီးတွေ့နေတယ်။ ဥရောပမှာ ဆိုရင်လည်း အများအပြားတွေ့နေရတဲ့ အခြေအနေပါ။ နောက် ကျွန်တော်တို့ အနားတဝိုက်ဖြစ်တဲ့ ဂျပန်နိုင်ငံလည်း ရောက်လာပါပြီ။ ဂျပန်ဆိုရင် ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကဆို တစ်ရက်တည်းနဲ့ကို Case ပေါင်းက ၁၃၀၀ ကျော်လောက်အထိ စံချိန်တင် မြင့်တက်သွားတာလည်းရှိပါတယ် ။ အဲဒီမှာဆိုရင် အခုဗီဇပြောင်းတဲ့ B1117 ဒါနဲ့တူတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ကိုလည်းတွေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ဗီဇပြောင်း B117 နဲ့ပတ်သက်ပြီး ပိုပြီး COVID ကာကွယ်ရေး နည်းလမ်းတွေကို အလေးထားလိုက်နာ ဆောင်ရွက်ဖို့ ပိုပြီး လိုအပ်လာတဲ့အခြေအနေကို ရောက်နေပါပြီ” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးကွဲသစ်တစ်မျိုးသည် ဗြိတိန်တွင် အလျင်အမြန် ကူးစက်ဖြစ်ပွားနေပြီး ထိုဗိုင်းရပ်စ်မျိုးကွဲသစ် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် စက်တင်ဘာလမှစ၍ ဗြိတိန်၌ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူ ၁,၄၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းနှင့် COVID-19 ရောဂါကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်သည် အချိန်နှင့်အမျှ မျိုးဗီဇသစ်အများအပြား ပြောင်းလဲလျက်ရှိသော်လည်း လတ်တလောတွင် ကူးစက်ပျံ့နှံ့နေသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် နောက်ထပ်မျိူးဗီဇသစ်များအဖြစ်သို့ အလျင်အမြန်ပြောင်းလဲတတ်သည့် သဘာဝရှိကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

B.1.1.7 ၏ အမိုင်နိုအက်စစ်အတွဲ (genetic code) အတွင်း သန္ဓေပြောင်းလဲမှုများ ၂၃ ကြိမ် ဖြစ်ပွားပြီး ထိုအမိုင်နိုအက်စစ်အတွဲသည် ဗိုင်းရပ်စ်ပရိုတင်းလေးမျိုးကို ပြောင်းလဲစေနိုင်သည်။ SARS-CoV-2 ၏ ယခင်မျိုးကွဲဟောင်းများနှင့် B.1.1.7 မျိုးကွဲသစ်တို့၏ ကွဲပြားခြားနားချက်မှာ ဗိုင်းရပ်စ်မျိုးကွဲဟောင်းများသည် တစ်လလျှင် မျိူးဗီဇသစ်တစ်မျိုး၊ နှစ်မျိုးသာ ပြောင်းလဲနေချိန်တွင် B.1.1.7 မျိုးကွဲသစ်သည် မျိုးဗီဇ ၂၃ မျိုးအထိ ပြောင်းလဲနေခြင်းဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့မှ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးရာ ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent