ကူးစက်မြန်ဗီဇပြောင်း COVID-19 ရောဂါပြန့်ပွားမှုမရှိစေရန် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသို့ဝင်ရောက်လာမည့် ခရီးသွားများကို ခရီးသွားလာခွင့် ယာယီကန့်သတ်ထားမည်

ကူးစက်မြန်ဗီဇပြောင်း COVID-19 ရောဂါပြန့်ပွားမှုမရှိစေရန် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသို့ဝင်ရောက်လာမည့် ခရီးသွားများကို ခရီးသွားလာခွင့် ယာယီကန့်သတ်ထားမည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
Published 4 January 2021

ကူးစက်မြန်ဗီဇပြောင်း COVID-19 ရောဂါပြန့်ပွားမှုမရှိစေရန် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ခရီးသွားများကို ခရီးသွားလာခွင့် ယာယီကန့်သတ်ထားမည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ယင်းသို့ကန့်သတ်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း SARS-CoV-2 မျိုးဗီဇပြောင်း ပိုးကူးစက်ပြန့်ပွားမှုမရှိစေရန် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ခရီးသွားများကို ခရီးသွားလာခွင့်များ ယာယီကန့်သတ်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ကာလအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်မှု ရပ်ဆိုင်းထားသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 နှင့်ပတ်သက်သည့် အထူးလေယာဉ်များမှ နိုင်ငံခြားသား ၅၆၃ ဦးသာ ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများအား ဇန်နဝါရီလမှစတင်ကာ Hotel Quarantine/ Facility Quarantine ၁၄ ရက် ထားရှိမည်ဖြစ်ပြီး ၎င်းတို့အား နှစ်ကြိမ် ဓာတ်ခွဲနမူနာယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။

ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်မှ စတင်ပြီး UK မှပြန်လာလျှင် Hotel Quarantine/Facility Quarantine ၁၄ ရက် ထားရှိခဲ့ကြောင်း၊ ဇန်နဝါရီလမှစတင်ကာ မည်သည့် နိုင်ငံမှ ပြန်လာသည်ဖြစ်စေ Hotel Quarantine/Facility Quarantine ၁၄ ရက် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ Quarantine ဝင်သူများအား ရောက်ခါစတွင်တစ်ကြိမ်၊ ပြန်ထွက်ခါနီးတွင် တစ်ကြိမ် ဓာတ်ခွဲနမူနာယူမည်ဖြစ်သည်။ နိုင်ငံခြားမှ ပြန်ရောက်လာသူများကို စစ်ဆေးရာတွင် RT PCR နည်းနှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent