၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ ဗထူးအားကစားကွင်းတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်း ၄ နာရီ ၂၀ မိနစ်အချိန်က အလံတင်အခမ်းအနား ပြုလုပ်ခဲ့ပြီး ၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဖတ်ကြားခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။




"လွတ်လပ်ရေးအခမ်းနားဆိုတာ နိုင်ငံရေးအခမ်းအနား ဖြစ်တယ်။ နိုင်ငံရေး အခမ်းအနားဆိုတော့ ပြည်သူတွေအတွက် ကျင်းပရမှာပေါ့။ ဒါပေမယ့်လည်း COVID-19 ဖြစ်နေတဲ့ ကာလအခြေအနေအရ COVID-19 လမ်းညွှန်ချက်တွေနဲ့အညီ ဖိတ်သင့်တဲ့စာရင်း လုပ်လိုက်တော့ကို ရာချီရှိတယ်။ နေပြည်တော်မှာ ဘယ်လောက်ကျင်းပလဲ လှမ်းမေးပါတယ်။ ၄၀၀ ကျော် ကျင်းပတယ်။ ကျွန်တော်တို့လည်း ၄၀၀ ကျော် ကျင်းပမယ်ဆိုပြီး ကွင်းရွေးရပါတယ်။ အရင်ကတော့ မန္တလာသီရိမှာ ကျင်းပနေကြပေါ့။ အဲဒီမှာက ဧရာဝတီစင်တာ ရှိလာတဲ့အတွက် အဲဒီနေရာက အခမ်းအနားကျင်းပလို့ မကောင်းဘူး။ နေရာရှာလိုက်တော့ ဗထူးကွင်းကို တွေ့တယ်။ COVID-19 စည်ကမ်းနဲ့အညီ ကျင်းပတာ ဖြစ်ပါတယ်။ လူ ၄၀၀ ကျော် ဖိတ်ပါတယ်"ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။




















