တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် စခန်းတစ်ခုလုံးအား Lockdown ချထားကြောင်း သိရသည်။
အချုပ်သားတစ်ချို့ အန့ံမရဖြစ်နေသည်ဟု ဆိုသဖြင့် ဇန်နဝါရီလ ၂ ရက်နေ့က ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ရဲစခန်းသို့ လာရောက်ကာ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ရာတွင် အချုပ်သား ၆၀ ကျော်အနက် ၁၈ ဦး COVID-19 ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ အချုပ်သား တစ်ချို့ အနံ့မရကြလို့ မနေ့က ကျန်းမာရေးဌာနက တာဝန်ရှိသူတွေလာပြီး စစ်ဆေးတဲ့အခါမှာ အချုပ်သား ၁၈ ဦးမှာ ကိုဗစ်ပိုးတွေ့တာပါ။ အခုတော့စခန်းတစ်ခုလုံးကို Lockdown လုပ်ထားတယ်။ အဝင်အထွက် ကန့်သတ်ထားပါတယ်။ ပထမ အချုပ်သား လေးယောက်ကတော့ သံတွဲ ပို့ထားတယ်။ အခု တွေ့တဲ့သူတွေကိုတော့ စခန်းမှာပဲ သီးခြားထားတယ်” ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း တောင်ကုတ်မြို့မရဲစခန်းတွင် အချုပ်သား လေးဦး၌ COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီးနောက် ၄ ရက်အကြာတွင် အချုပ်သား ၁၈ ဦး၌ ထပ်မံပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
တောင်ကုတ်မြို့နယ်အတွင်း၌ COVID-19 ရောဂါကြောင့် Stay At Home ကာလ၌ လေးလကျော်ကြာ ယာယီပိတ်ထားခဲ့သည့် မြို့စျေးကြီးအား ပြည်နယ်အစိုးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ ပြန်လည်ရောင်းချခွင့်ပြုလိုက်ပြီဟု သိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် COVID-19 ပိုးတွေ့လူနာစုစုပေါင်း ၄၀၄၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးရှိသည်ဟု သိရသည်။















