ဒူးဒဏ်ရာကြောင့် ကော်တင်ဟို (၄) လခန့် အနားယူရဖွယ်ရှိ

ဒူးဒဏ်ရာကြောင့် ကော်တင်ဟို (၄) လခန့် အနားယူရဖွယ်ရှိ
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 1 January 2021

ဘာစီလိုနာအသင်းကွင်းလယ်လူ ကော်တင်ဟိုသည် ဒူးဒဏ်ရာအား ခွဲစိတ်ကုသရန် လိုအပ်သဖြင့် (၄)လခန့် အနားယူရဖွယ်ရှိ နေကြောင်း သိရသည်။

    

ကော်တင်ဟိုသည် အင်္ဂါနေ့က အီဘာအသင်းနှင့် သရေကျသည့်ပွဲတွင် ဒုတိယပိုင်း (၆၆)မိနစ်မှ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့သော်လည်း ပွဲပြီးခါနီးတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

ကော်တင်ဟိုသည် ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်မကစားနိုင်သောကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လက်ကျန်မိနစ်အနည်းငယ်ကို တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ 

၎င်း၏ဒဏ်ရာကို စစ်ဆေးပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဝဲဘက်ဒူးရှိ Lateral Meniscus (လခြမ်းပုံစံအရိုးနုနှစ်ခုအနက် ဘေးဘက်နေရာ) ထိခိုက်မိခြင်းဖြစ်သောကြောင့် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ 

"ဒဏ်ရာကိုစစ်ဆေးမှုအရ သူ့ရဲ့ဝဲဘက်ဒူးမှာ ရှိတဲ့ Lateral Meniscus ထိခိုက်မိသွားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်ကုသဖို့ လိုအပ်ပြီး ရက်ပိုင်းအတွင်း ပြုလုပ်သွားမှာပါ"ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။

    

ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် အနားယူရမည့်ကာလ ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း ခွဲစိတ်ကုသပါက (၄)လခန့် အနားယူရဖွယ်ရှိကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

ကော်တင်ဟို (၂၈ နှစ်)သည် ယခုရာသီအစတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အောက်တိုဘာလအတွင်း ရီးယဲလ်အသင်းနှင့်ကစားသည့် El Clásico ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိပြီးနောက်ပိုင်း ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသလို ပုံမှန်ကစားခွင့်မရသေးကြောင်း သိရသည်။ 

ခြေချင်းဝတ် ဒဏ်ရာရရှိနေသည့် အသင်းခေါင်းဆောင် မက်ဆီမှာမူ တနင်္ဂနွေနေ့ကစားမည့် ဟူဆကာအသင်းနှင့် လာလီဂါပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent