လီဗာပူးလ်အသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် နောက်ခံလူ မာတစ် ထပ်တိုးလာသဖြင့် ခံစစ်အတွင်းလူနေရာအတွက် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား တစ်ဦးမျှမရှိတော့ကြောင်း သိရသည်။

မာတစ်သည် တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းအသင်းနှင့် သရေကျသည့်ပွဲတွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း၌ ဆေးကုသမှုပြုလုပ်ပြီးနောက် ဆက်မကစား နိုင်တော့သဖြင့် မိနစ် ၆၀ တွင် လူစားလဲခဲ့ရသည်။
လီဗာပူးလ်အသင်းတွင် အဓိကခံစစ်အတွင်းလူနှစ်ဦးဖြစ်သည့် ဗန်ဒိုက်နှင့် ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို မာတစ်ပါ ဒဏ်ရာထပ်မံရရှိသွားသဖြင့် ယင်းနေရာအတွက် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား တစ်ဦးမျှမရှိတော့ခြင်းဖြစ်သည်။

''ဂျိုယဲလ်က သူ့ရဲ့ပေါင်ခြံမှာ တစ်ခုခုခံစားနေရတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါက အရမ်းကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ အခုအချိန်မှာ သူ့ ဒဏ်ရာက ဘယ်လောက်ပြင်းထန်လဲဆိုတာ ကျွန်တော် အတိအကျမသိသေးပါဘူး။ ဒါပေမဲ့ ကွင်းထဲက ထွက်သွားရတယ်ဆိုကတည်းက ဒါက ပြင်းထန်တယ်ဆိုတဲ့အကြောင်းပြောဖို့ လုံလောက်ပြီးသားပါ''ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားသည်။
မာတစ်ဒဏ်ရာရရှိသွားသဖြင့် ခံစစ်အတွင်းလူနေရာအတွက် ရီးစ်ဝီလျံစ် (၁၉ နှစ်)၊ နာသန်နီယယ်ဖီးလစ် (၂၃ နှစ်) နှင့် ဗန်ဒန်ဘက် (၁၉ နှစ်) တို့သုံးဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့အနက် ရီးစ်ဝီလျံစ်နှင့် ဖီးလစ်တို့သာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် နှစ်ပွဲစီကစားဖူးပြီး ဗန်ဒန်ဘက်မှာမူ ပွဲထွက်ခွင့်မရသေးကြောင်း သိရသည်။

သို့ဖြစ်ရာ လာမည့်ပွဲစဉ်များတွင် ၎င်းတို့အနက်မှ တစ်ဦးနှင့် ကွင်းလယ်လူ ဖာဘင်ညိုကို ခံစစ်အတွင်းလူနေရာတွင် တွဲဖက်အသုံးပြုရဖွယ်ရှိသည်။
မာတစ်၏ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးသော်လည်း ကြွက်သားဒဏ်ရာမှာ အနည်းဆုံး နှစ်ပတ်ခန့် အနားယူရလေ့ရှိရာ ၎င်းအနေဖြင့် ပွဲစဉ်သုံးပွဲခန့် လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် လာမည့်သုံးပွဲအဖြစ် ဒီဇင်ဘာ ၃၀ ရက်တွင် နယူးကာဆယ်၊ ဇန်နဝါရီ ၄ ရက်တွင် ဆောက်သမ်တန်၊ ဇန်နဝါရီ ၈ ရက်တွင် ဗီလာ (FA ဖလား) တို့နှင့် အဝေးကွင်းသုံးပွဲဆက်တိုက် ကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပွဲစဉ် ၁၅ တွင် ဝက်စ်ဘရွန်းအသင်းနှင့် သရေကျခဲ့သော်လည်း ၃၂ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ဒုတိယနေရာမှ အဲဗာတန်အသင်းကို သုံးမှတ်အသာရထားသည်။















