ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်ကို တစ်ပတ်လစာ ပေါင်(၃၀၀၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေပြီး ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်တွင် ကစားရန်မှာ ၎င်း၏ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ဝန်ခံထားသည်။
သို့သော် ချယ်လ်ဆီးအသင်းသည် ဟာဇက်ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် အလိုရှိနေပြီး ခရစ္စမတ်ကာလမတိုင်မီ စာချုပ်သစ်အတွက် ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဟာဇက်သည် နည်းပြသစ် ဆာရီလက်အောက်တွင် ပျော်ရွှင်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)အပြီးတွင် (၇)ဂိုးအထိ သွင်းယူထားသည်။
လာမည့် ဇန်နဝါရီလတွင် အသက် (၂၈)နှစ် ပြည့်မည့် ဟာဇက်၏ ချယ်လ်ဆီးအသင်းနှင့် လက်ရှိစာချုပ်မှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဟာဇက်သည် လက်ရှိတွင် ချယ်လ်ဆီးအသင်း၌ တစ်ပတ်လစာ ပေါင် (၂၂၀၀၀၀)အထိ ရရှိနေသူဖြစ်ပြီး ချယ်လ်ဆီးအသင်းက တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀)ဖြင့် စာချုပ်သစ်အတွက် ကမ်းလှမ်းရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းဥက္ကဋ္ဌဖြစ်သူ ဘရူဘက်က ဟာဇက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားထားသည်။
၎င်းက "ကျွန်တော်တို့ကတော့ ဟာဇက်ကို အသင်းမှ ဆက်နေစေချင်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ လန်ဒန်မှာ ရှိတဲ့ ချယ်လ်ဆီးပရိသတ်တွေရော တစ်ကမ္ဘာလုံးက ချယ်လ်ဆီးပရိသတ်တွေကပါ ဟာဇက်ကို ချစ်ကြပါတယ်။ ဟာဇက်က အရမ်းတော်တဲ့ ဘောလုံးသမားဖြစ်သလို လူကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။