မြန်မာနိုင်ငံ၏ အဓိက ခရီးသည် ဝင်ထွက်ပေါက် တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် COVID-19 ဖြစ်ပွားမှုမရှိခင်က နိုင်ငံတကာ လေကြောင်းလိုင်း ၃၇ ခုက နိုင်ငံတကာခရီးစဉ် ၃၈ ခုထိ ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ Operation နဲ့ Management ကို YACL ကုမ္ပဏီက စတင်ပြီး တာဝန်ယူခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ရေတွက်ပါက ၂၀၁၉ ခုနှစ်သည် ခရီးသည် ဝင်ထွက်မှု အများဆုံးနှင့် လေကြောင်းလိုင်းသစ်များ တိုးချဲ့ဆင်းသက်မှု အများဆုံးနှစ် ဖြစ်ခဲ့သည်။
နိုင်ငံတကာ လေကြောင်းလိုင်း ၃၇ ခုက နိုင်ငံတကာ ခရီးစဉ် ၃၈ ခုအထိ ချိတ်ဆက်ပျံသန်း နေခဲ့ခြင်းကြောင့် နေ့ည ခရီးသည်များနှင့် စည်ကားနေခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံတကာခရီးသည် ဆိုက်ရောက်/ထွက်ခွာဆောင် Terminal-1 အဆောက်အအုံသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်ကာ တိတ်ဆိတ်သွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၂၀၁၉ ခုနှစ် စစ်တမ်းအပေါ် အခြေခံပြီး တွက်ချက်မှုအရ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံတကာ လေကြောင်းလိုင်းများ အနေဖြင့် ရရှိသည့် ဝင်ငွေမှာ COVID ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်း) တွင် အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၈၀၉ သန်းသာရရှိပြီး ရာခိုင်နှုန်းအားဖြင့် ခန့်မှန်း ၈၁ ရာခိုင်နှုန်းအထိ ကျ ဆင်းသွားကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွား လုပ်ငန်း၏ စီးပွားရေး ကဏ္ဍများအပေါ် သက်ရောက်မှု စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
ပြည်တွင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ အနေဖြင့်လည်း ၂၀၁၉ခုနှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ) တွင် အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၈၇၅ သန်းရရှိခဲ့ပြီး COVID ဖြစ် ပွားသော၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်း) တွင်မူ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၃၁၅ သန်းသာရရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပြီး ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ် လျှော့ချပျံသန်းမှု၊ ရပ်နားထားမှုများကြောင့် ခရီးသည်နှင့် လေဆိပ်အသုံးပြုသူ နည်းပါးခဲ့ကာ ပြည်ပဆိုက်ရောက်၊ ထွက်ခွာ (Terminal-1) ရှိ အရောင်းဆိုင်ခန်းများနှင့် စားသောက်ကုန် ဆိုင်ခန်းများကို လုံးဝပိတ်ထားခဲ့ရသည်။
COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များကို ဆိုးရွားစွာ အထိနာစေခဲ့ပြီး ယခင်လေကြောင်း ခရီးသွားလာမှုပုံစံအား ၂၀၂၄ နှစ်တွင်မှ အစောဆုံး ပြန်လည်ရရှိနိုင်မည်ဟု ကမ္ဘာ့လေကြောင်း အဖွဲ့အစည်းများက သုံးသပ်မှုများလည်း ရှိနေသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေတဲ့ YACL ကုမ္ပဏီ၏ Chief Operation Officer ဖြစ်သူ Mr.Jose Angeja က “လေကြောင်းသယ်ယူ ပို့ဆောင်ရေး နယ်ပယ်အတွက် တစ်ခါမှ မကြုံဖူးတဲ့ အခက်အခဲကြီးကို ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။ လေဆိပ်လုပ်ငန်း ပုံမှန်ပြန်လည် စတင်တာနဲ့အမျှ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး အစီအမံ လိုအပ်ချက်များနှင့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းစီမံဆောင်ရွက်ချက်များ၊ ပြန်လည်လည်ပတ်ရေး လုပ်ငန်းစဉ်များကို သတိကြီးစွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ YIA ရဲ့ အပြောင်းအလဲဟာလည်း New Normal ပုံစံ လေကြောင်းခရီး သွားလာရေးအဖြစ် အနည်းဆုံး ကာလအပိုင်းအခြား တစ်ခုထိ ဖြစ်နေမှာပါ” ဟု ပြောကြားခဲ့သည်။
YACL အနေနှင့် လေဆိပ်လုပ်ငန်းများ၊ ၎င်း၏ဝန်ထမ်းများနှင့် ရေရှည်ဆက်လက် လက်တွဲလုပ်ကိုင်နိုင်ရန် လစာဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိဝန်ထမ်းများ၏ အခြေခံလစာမှ ၂၅ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေးအောက်တစ်ဆင့် ဝန်ထမ်းများ၏ အခြေခံလစာအား ငါးရာခိုင်နှုန်းမှ စတင်ကာ အသီးသီး လျှော့ချခဲ့ရခြင်းဖြစ်ပြီး ငါးနှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။









