သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ The World Wide KTV ကို သွားရောက်ခဲ့သော ဦးအောင်ဇော်ဦး (ခေါ်) အရည်ကြိုအား We Love Yangon အသင်း၏ အမှုဆောင်အဖြစ်မှ ရပ်စဲလိုက်ကြောင်း We Love Yangon လူထုအခြေပြု ပရဟိတအသင်းမှ သိရသည်။
We Love Yangon လူထုအခြေပြု ပရဟိတအသင်းတွင် အမှုဆောင်အဖြစ် တာဝန်ယူထားသော ဦးအောင်ဇော်ဦး (ခေါ်) အရည်ကြိုသည် နိုင်ငံတော်က ထုတ်ပြန်ထားသော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဥပဒေကို လိုက်နာခြင်း မရှိသည့်အတွက် အသင်းမှ ရပ်စဲခြင်းဖြစ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောကြားသည်။
“အားလုံးသိတဲ့ ကိစ္စပါပဲ။ ကျွန်မလည်း အခုမနက်မှသိတာ။ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေကို မလိုက်နာလို့လေ။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို မလိုက်နာလို့ပေါ့နော်။ ဒါကတော့ ဥပဒေက ဥပဒေကြောင်းအရ သွားမှာပေါ့။ ကျွန်မတို့ကတော့ အသင်းအဖွဲ့ဆိုတဲ့ အတွက်ကြောင့် အသင်းအဖွဲ့မှာက ဥပဒေကို မလိုက်နာဘူး ဥပဒေကို ကျူးလွန်တယ်ဆိုရင် အသင်းအဖွဲ့ကလည်း ထုတ်ရမှာပဲလေ။ ဥပဒေအထက်မှာ ဘာမှမရှိဘူးလေ။ ဒီလို ကိုဗစ်ကာလမှာ ကပ်ရောဂါ ကာကွယ်ရေး အတွက်ကို ကျွန်မတို့က လုပ်နေရတာလေ။ ကိုယ်ကိုယ်တိုင်ကလည်း လိုက်နာမှ ဖြစ်မှာလေ။ အမှုဆောင် တစ်ယောက်နာနဲ့ လိုက်နာမှု မရှိတဲ့အတွက်ကြောင့် ကျွန်မတို့အသင်းကနေ ရပ်စဲလိုက်တာပါ” ဟု We Love Yangon လူထုအခြေပြု ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ရက် ည ၉ နာရီ ၄၅ မိနစ်အချိန် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် (၆၀) ရှိ The World Wide KTV ဆိုင်သည် ဖွင့်လှစ်လုပ်ကိုင် လျက်ရှိကြောင်း သွားရောက် စစ်ဆေးရန် ဖုန်းဖြင့်အကြောင်းကြားလာသဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ မန်နေဂျာအား တွေ့ရှိပြီး အောက်ထပ်ရှိ အခန်း (၈) ခန်းအနက် အခန်းအမှတ် (၈) နှင့် (၉ ) တို့တွင် စားသောက်လက်စ ပန်ကန်များ၊ ဖန်ခွက်များ၊ ဘီယာပုလင်းများအား တွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ စားသောက်ပျော်ပါးနေသူ ဧည့်သည် အမျိုးသား လေးဦးနှင့် ဧည့်သည် အမျိုးသမီး လေးဦး စုစုပေါင်း ရှစ်ဦးအား အပေါ်ထပ် အလုပ်သမားများ နားနေသည့်အခန်းတွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်ကာ ဖွင့်လှစ်သည့် ဗဟန်းမြို့နယ်ရှိ The World Wide KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အရည်ကြိုနှင့် ဆိုင်မန်နေဂျာ အပါအဝင် ကိုးဦးကို ဖမ်းဆီးရမိပြီး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။















