မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းတွင် နံပါတ် ၇၇ ဝတ်ဆင်ကစားမည်

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းတွင် နံပါတ် ၇၇ ဝတ်ဆင်ကစားမည်
Photo: Buriram FC
Photo: Buriram FC
Published 27 December 2020

 

ထိုင်းလိဂ်ပြိုင်ပွဲ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ဘူရီရမ်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် နံပါတ် ၇၇ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူသည် ဘူရီရမ်အသင်းတွင် ဝတ်ဆင်ကစားရန် နံပါတ်သုံးမျိုး ရွေးချယ်ခွင့်ရသော်လည်း နံပါတ် ၇ ရွေးချယ်ခြင်းမရှိဘဲ နံပါတ် ၇၇ ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ၂၀၂၀ ရာသီက ရတနာပုံ အသင်း၌ ပြန်လည်ကစားရာတွင်လည်း ၎င်းဝတ်ဆင်ကစားနေကျ နံပါတ် ၉ နှင့် ၁၀ ကို ရွေးချယ်ခြင်းမရှိဘဲ နံပါတ် ၉၉ ကိုသာ ဝတ်ဆင်ခဲ့သည်။ အောင်သူသည် ယခင်က ရတနာ ပုံအသင်းတွင် နံပါတ် ၈ ဝတ်ဆင်ကစားခဲ့ပြီး လက်ရွေးစင်အသင်းများတွင်မူ နံပါတ် ၉ နှင့် ၁၀ ဝတ်ဆင်ခဲ့သည်။ အောင်သူသည် ဒီဇင်ဘာဒုတိယပတ်တွင် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်များတွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။

" အောင်သူဝတ်ဆင်ကစားမယ့် ကျောနံပါတ်ကို အသင်းဘက်က ရွေးချယ်ခွင့်ပြုခဲ့ပါတယ်။ ကစားသမားမရှိတဲ့ နံပါတ်သုံးမျိုးကို ရွေးချယ်ခွင့်ပြုတာဖြစ်ပြီး နံပါတ် ၇ ပါပေမဲ့ အောင်သူက ကျောနံပါတ် ၇၇ ကိုပဲ ရွေးချယ်ခဲ့ပါတယ်"ဟု အောင်သူနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

အောင်သူသည် ဘူရီရမ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရတနာပုံ အသင်းက ဒေါ်လာ ၅၀၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘူရီရမ်အသင်းသည် အောင်သူနှင့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုထားပြီး လစာအဖြစ် တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ အထက် ပေးချေမည်ဖြစ်သလို အပိုဆုကြေးများလည်း ခံစားခွင့်ရမည်ဖြစ်သည်။ အောင်သူသည် ဘူရီရမ်အသင်းတွင် ပွဲထွက်ကစားခွင့်၊ အရန်လူစာရင်းတွင် ပါဝင်မှုနှင့် အသင်းအောင်မြင်မှုအပေါ်မူတည်၍ ဆုကြေးများ ထပ်မံခံစားခွင့်ရမည်ဖြစ်သည်။

အောင်သူသည် ၂၀၁၈ ခုနှစ်မှစတင်ကာ ထိုင်းကလပ်များတွင် ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Police Tero အသင်း၊ ၂၀၁၉ ခုနှစ်တွင် မြောင်တောင်ယူနိုက်တက် အသင်း၌ ပါဝင်ကစားခဲ့သည်။ အောင်သူသည် တတိယမြောက် ထိုင်းကလပ်အဖြစ် ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ဒီဇင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချောင်ဘူရီအသင်းနှင့် ဘူရီရမ်အသင်းတို့ပွဲတွင် အရန်စာရင်း၌ ပထမဆုံး ပါဝင်လာခဲ့သည်။

၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲ ဒုတိယရာသီဝက်တွင် မြန်မာကစားသမား အများစု ပါဝင်ကစားလျက်ရှိပြီး ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ လှိုင်းဘိုဘိုမှာလည်း ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်သည်။

Most Read

Most Recent