လီဗာပူးလ်တွင် ဆာလာ မပျော်မရွှင်ဖြစ်နေသည်ဆိုခြင်းကို ယာဂန်ကလော့ပ် ငြင်းဆန်

လီဗာပူးလ်တွင် ဆာလာ မပျော်မရွှင်ဖြစ်နေသည်ဆိုခြင်းကို ယာဂန်ကလော့ပ် ငြင်းဆန်
Photo: Sky Sports
Photo: Sky Sports
Published 25 December 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် အသင်းတွင် တိုက်စစ်မှူး ဆာလာ မပျော်မရွှင်ဖြစ်နေသည်ဟု ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။ 

ဆာလာသည် စပိန်အားကစားသတင်းစာ AS နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မစ်ဂျီလန်းအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ သူ့ကို အသင်းခေါင်းဆောင် တာဝန်မပေးဘဲ အာနိုးလ်ကို ပေးခဲ့ခြင်းအတွက် စိတ်ပျက်ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။ 

ထို့ပြင် အသက် (၂၈)နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်မှူး ဆာလာသည် အဆိုပါအင်တာဗျူး၌ အနာဂတ်တွင် ရီးယဲလ်မက်ဒရစ် (သို့) ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့နိုင်သလားဟု AS ၏ မေးမြန်းမှုကိုလည်း ငြင်းဆန်ခဲ့ခြင်း မရှိပေ။ 

ထို့ကြောင့် ဆာလာအနေဖြင့် လီဗာပူးလ်အသင်းတွင် မပျော်မရွှင်ဖြစ်နေသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြပြီး ယခုအခါ ကလော့ပ်က ယင်းသတင်းများကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

ကလော့ပ်က "ဆာလာဟာ ခုအချိန်မှာ အကောင်းဆုံးအခိုက်အတန့်ကို ပိုင်ဆိုင်နေပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးအကြီးဆုံးအချက်ပါပဲ။ လေ့ကျင့်ရေးကွင်းမှာ ဆာလာ ပျော်ရွှင်နေတာကိုလည်း မြင်တွေ့ရပါတယ်။ ဓာတ်ပုံတွေ ရိုက်မထားလို့သာ ခင်ဗျားတို့ကို မပြနိုင်တာပါ။ မီဒီယာတွေကတော့ ပုံပြင်တွေ ဖန်တီးနေကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်တို့အသင်းမှာ အားလုံးအဆင်ပြေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် (၁၃)ပွဲတွင် (၁၃)ဂိုးနှင့် ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၁၆)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent