ရသေ့တောင်မြို့နယ် ခမောင်းတုန်းရွာတွင် လူ ၁၀ ဦးခန့်က ကျွဲပိုင်ရှင်ကို ဓားဖြင့်ခြိမ်းခြောက်ကာ ကျွဲခုနစ်ကောင် လုယူခဲ့ပြီး ရွာပြင်ရှိ နွားနှစ်ကောင်ကိုလည်း ခိုးယူမှုဖြစ်ပွား

ရသေ့တောင်မြို့နယ် ခမောင်းတုန်းရွာတွင် လူ ၁၀ ဦးခန့်က ကျွဲပိုင်ရှင်ကို ဓားဖြင့်ခြိမ်းခြောက်ကာ ကျွဲခုနစ်ကောင် လုယူခဲ့ပြီး ရွာပြင်ရှိ နွားနှစ်ကောင်ကိုလည်း ခိုးယူမှုဖြစ်ပွား
Published 22 December 2020
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုကမ်း ခမောင်းတုန်းကျေးရွာ၌ ညအချိန်တွင် ဓားကိုင်လူတစ်စုက စက်လှေတစ်စင်းဖြင့် ရောက်ရှိလာခဲ့ပြီး ပိုင်ရှင်ကို ကြိုးများဖြင့် ချည်နှောင်ကာ ချည်ထားသော ကျွဲခုနစ်ကောင်ကို စက်လှေပေါ်သို့တင်ကာ လုယူသွားမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးမောင်စောသန်းဆိုသည့် လယ်သမား တစ်ဦးသည် ဒီဇင်ဘာ ၂၁ ရက်တွင် အဆိုပါ ကျေးရွာနှင့် မနီးမဝေးသော လယ်တဲတွင် ကျွဲများကို စောင့်ရင်းအိပ်နေစဉ် ည ၁၀ နာရီအချိန်ခန့်တွင် ဓားကိုယ်စီ ကိုင်ဆောင်ထားသော လူ ၁၀ ဦးခန့် တဲသို့ ရောက်ရှိလာခဲ့ပြီး ဦးမောင်စောသန်းအား ကြိုးများဖြင့် ချည်နှောင်ကာ ဝမ်းလျားမှောက် အိပ်စေပြီးနောက် လည်ပင်းပေါ်တွင် ဓားတင်ထားကာ ကျွဲများကို စက်လှေပေါ်သို့ တင်ဆောင်ကာ လုယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လူ ၁၀ ယောက်လောက်ပါတယ်။ အကုန်လုံးက ဓားတွေကိုင်ထားတယ်။ မုတ်ဆိတ်မွှေးတွေကလည်း ပါတယ်။ သူတို့ကျောက်တော်ဘက်က လာတာလို့ပြောပြီး အော်ရင် အသေသတ်ပစ်မယ်လို့ ပြောတယ်။ ကျွန်တော်လည်း အသက်အန္တရာယ် စိုးရိမ်တဲ့အတွက် မအော်ရဲဘူး။ ကျွန်တော့်ကို ကြိုးနဲ့ချည်ပြီး တဲမှာထားခဲ့တယ်။ လူငယ်ပိုင်းတချို့က သူ့ကိုသတ်ပစ်ကြမယ်လို့ ပြောတယ်။ ဒါပေမဲ့ လူကြီးပိုင်းတစ်ဦးက မင်းတို့လိုချင်တာရပြီပဲ အသက်ကို မသတ်နဲ့တော့ ချည်ထားခဲ့ဆိုပြီး ထားခဲ့တယ်။ ထိုးကြိတ်တာတွေလည်း လုပ်သေးတယ်။ ကျွဲခုနစ်ကောင်ကို စက်လှေပေါ်ဆွဲတင်ပြီး ယူသွားကြတယ်။ ကျွဲပေါက်လေး တစ်ကောင်သာ ကျန်ခဲ့တော့တယ်။ ကျွန်တော်ကတော့ ခြေထောက်ကကြိုးကိုဖြုတ်ပြီး ရွာကိုရောက်အောင် ပြေးသွားတယ်” ဟု ဦးမောင်စောသန်းက ပြောကြားသည်။

အလားတူ ရွာပြင်တွင် ချည်ထားသော နွားနှစ်ကောင်ကိုလည်း တစ်ပြိုင်တည်း ခိုးယူသွားခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ကျွဲနွားများကို ရွာသားများ အနေဖြင့် လိုက်လံရှာဖွေမှုများကို ပြုလုပ်နေသော်လည်း ယခုအချိန်ထိ သတင်းအစအန ရှာမရသေးကြောင်း၊ လူစုခွဲ၍ လိုက်လံရှာဖွေလျက် ရှိကြောင်းလည်း နွားပိုင်ရှင်က ပြောကြားသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့ ရှာဖွေနေပါတယ်။ လူစုခွဲပြီး သတင်းတွေကို လိုက်လံစုံစမ်းနေတယ်။ အခုထိကတော့ သတင်းမရသေးဘူး။ မြစ်ပြင်ဘက်ကို ထွက်သွားပြီး ဘင်္ဂလားကို ရောက်သွားလား၊ ရွာထဲကို ရောက်သွားရင်လည်း ရှာဖို့ခက်ခဲသွားလိမ့်မယ်။ သူတို့ရွာတွေက ကြီးတယ်။ သက်ဆိုင်ရာနဲ့ ရှာမှရမှာ ဖြစ်တယ်” ဟု နွားပိုင်ရှင် ဦးမောင်သန်းဌေးက ပြောကြားသည်။

 

Most Read

Most Recent