အေးပြီး စိုစွတ်သည့် လာနီညာနှင့် မြန်မာနိုင်ငံဆောင်းရာသီ

အေးပြီး စိုစွတ်သည့် လာနီညာနှင့် မြန်မာနိုင်ငံဆောင်းရာသီ
ချင်းပြည်နယ် ဟားခါးမြို့တွင် ရေခဲအမှတ်အောက် ဒုတိယအကြိမ်ရောက်ရှိနေ၍ ရေများခဲနေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
ချင်းပြည်နယ် ဟားခါးမြို့တွင် ရေခဲအမှတ်အောက် ဒုတိယအကြိမ်ရောက်ရှိနေ၍ ရေများခဲနေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 21 December 2020
ဆန်းထူးအောင်

ဆောင်းရာသီသည် ဝင်ရိုးစွန်းနှင့် သမပိုင်းဒေသတို့၏ တစ်နှစ်တာအတွင်း အအေးဆုံးကာလ တစ်ခုဖြစ်သည်။ နိုင်ငံအလိုက် ရသီဥတု အခြေအနေပေါ် မူတည်ပြီး ဆောင်းရာသီ၏ စတင်ရာရက်ကို သတ်မှတ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလသည် ဆောင်းရာသီ ကာလများဖြစ်သည်။

လူတို့၏ ပြုမှုမှုတို့ကြောင့် မှန်လုံအိမ် ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်များ မြင့်တက်လာ၍ ဆောင်းတွင်းရောက်သော်လည်း ဆောင်းကာလ၏ အေးမြမှုကို သိသာစွာ ခံစားရခြင်း နည်းပါးလာသည်။

သို့သော် ယခုနှစ်တွင် လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် အအေးပိုခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လျက် ရှိနိုင်ပေသည်။

လာနီညာ ဖြစ်စဉ်

ပစိဖိတ်သမုဒ္ဒရာ၏ ပူနွေးသည့် ရေမျက်နှာပြင်သည် တောင်အမေရိကတိုက်ဘက်မှ အင်ဒိုနီးရှားနိုင်ငံဘက်သို့ ရှေးရှုရွေ့သွားချိန်မှာ လာနီညာ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ယင်းအချိန်တွင် သမုဒ္ဒရာရေနက်ပိုင်းရှိ ရေအေးများသည် ပင်လယ်ပြင်သို့ တက်လာခြင်းဖြစ်စဉ် တစ်ခုဖြစ်သည်။ ထိုသို့ပြောင်းလဲသည့် ဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာအသီးသီး၌ ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့ရပြီး မြောက်ကမ္ဘာခြမ်းတွင် ပြင်းထန်သည့် ရာသီဥတုနှင့် ကြုံတွေ့ရကာ အရှေ့တောင်အာရှဒေသ နိုင်ငံများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်စေသည်။

“တကယ်လာနီညာ ဖြစ်နေတာက ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်း။ သူသည် တောင်အာဖရိကတို့၊ အမေရိက တိုက်တို့နဲ့ နီးတယ်။ အဲဒီဘက်က အလွန်အေးမယ်။ အအေးပိုမယ်။ အာရှတိုက်ဘက် တောင်တရုတ်ပင် လယ်။ ဘင်္ဂလားပင်လယ်အော်၊ ထိုင်းပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ် ဝန်းကျင်မှာတော့ ပင်လယ်ရေ က မအေးဘဲ နွေးနေမယ်။ လာနီညာသည် ပင်လယ်ပြင်အေးပြီး အစွန်း ရောက်တဲ့ရာသီ။ ဒါပေမဲ့ သူက ပစိ ဖိတ်ဘက်မှာ အေးတာ။ သူနဲ့ဝေးတဲ့ အာရှတိုက်က ပင်လယ်ရေက နွေးတယ်။ နွေးတဲ့အတွက် ဒီဘက်မှာ ရေငွေ့ပြန်နှုန်းများပြီး လေပွေလှိုင်း တွေ၊ မုန်တိုင်းတွေဖြစ်ပြီးတော့ ကမ်းရိုးတန်းတွေ မိုးရွာတယ်။ အခြားတစ် ဖက်ကလည်း အာရှတိုက်မှာ ဆောင်းကာလကြီးဖြစ်နေတယ်။ ဆောင်းကာလမှာ မြောက်လေ၊ အရှေ့ မြောက်လေတိုက်တဲ့အချိန်။ လေပွေလှိုင်းတွေက အီကွေတာနဲ့ ၁ဝဒီဂရီ လတ္တီကျုကြားမှာ အရှေ့ကနေ ဖြစ်ပြီးတော့ အနောက်ဘက်ကို ရွေ့ တယ်။ အရှေ့ကနေ ဖြစ်တယ်ဆို တာက တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ ်ကွေ့တို့ကနေဖြစ်ပြီး တော့ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်၊ အာရေးဗီးယန်းပင် လယ်ကိုသွားတယ်။ အဲဒီလိုမျိုးဖြစ် တဲ့အတွက် မြောက်ဘက်က လေအေးတွေက လေဖိအားများတယ်။ အီကွေတာ အနီးတစ်ဝိုက်မှာရှိတဲ့ လေပွေလှိုင်းတွေက လေဖိအား နည်းတယ်” ဟု မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

လက်ရှိ လာနီညာဖြစ်ပေါ်နေမှုသည် ၉၅ ရာခိုင်နှုန်းအထိရှိပြီး ဒီဇင်ဘာ ၂၅ ရက်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ကာ ၂၀၂၁ ဇွန်လမှသာ ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်း ဦးချစ်ကျော်က ဆက်လက် ပြောကြားသည်။

“အခုလာနီညာရဲ့ အခြေအနေ က ၉၅ ရာခိုင်နှုန်းရှိတယ်။ ဒီဇင်ဘာ ဇန်နဝါရီမှာ ၁၀၀ ဝန်းကျင်ရှိမယ်။ ပြီးရင် ပြန်ကျသွားမယ်။ ဖေဖော်ဝါရီ လဆိုရင် ၆၅ ရာခိုင်နှုန်းပြန်ဖြစ်သွား မယ်။ လာနီညာတို့၊ အယ်နီညိုတို့ဆို တာ ခရစ္စမတ်ကာလ ဒီဇင်ဘာ ၂၅ မှာ အမြင့်ဆုံးကို ရောက်တယ်။ အဲဒီအတွက်ကြောင့် အယ်နီညိုဆိုရင် ခရစ်၏သားတော်လို့ ခေါ်ပြီးတော့ လာနီညာဆိုရင် ခရစ်၏သမီးတော် လို့ခေါ်တယ်။ လာမယ့် ၂၅ ဆိုရင် အမြင့်ဆုံးရောက်မယ်။ အဲဒီကနေ တဖြည်းဖြည်းပြန်ကျမယ်။ မတ်၊ ဧပြီ၊ ဇွန်မှာ သူ့ရဲ့ပုံမှန်အခြေအနေကို ပြန်ရောက်မယ်။ အယ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ၊ စတင်ဖြစ်ပေါ်တဲ့ အချိန်က နှစ်တစ်နှစ်ရဲ့ ဇွန်လက စပြီး နောက်နှစ်ဇွန်မှာ ပြီးဆုံးတယ်။ အခုဖြစ်တဲ့ လာနီညာသည် တကယ်တော့ ၂၀၂၀ ဇွန်ကစပြီးတော့ ၂၀၂၁ ဇွန်မှာ ပြီးဆုံးမယ်။ ကာလအားဖြင့် တစ်နှစ်ကြာတယ်” ဟု ဦးချစ်ကျော်က ဆိုသည်။

လာနီညာကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှု အခြေအနေ

လာနီညာ ဖြစ်ပွားမှုကြောင့် ပစိဖိတ်သမုဒ္ဒရာတွင် အေးသော်လည်း တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ ဘင်္ဂလားပင်လယ်အော်၊ အာရေးဗီးယန်း ပင်လယ်တို့တွင် လေနွေးများ ဖြစ်ပေါ်စေသည်။

“လေဖိအားနည်းတဲ့ဆီကို လေဖိအားများတဲ့ဆီက အရှိန်အဟုန်နဲ့ လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း၊ မြန်မာနိုင်ငံအနောက် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေက အေးနေမယ်။ အေးတာက ပဲခူးတိုင်းအထိ အေးမယ်။ ဒါပေမဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒီဟာတွေက အအေးပေါ့သွားတယ်။ ပင်လယ်နဲ့နီးလို့။ အခု ၂၃၊၂၄၊၂၅ လေပွေလှိုင်းတစ်ခု ဖြတ်မှာမို့လို့ မွန်တို့၊ တနင်္သာရီ တို့ မိုးရွာမယ်။ လာနီညာ ဖြစ်စဉ်က ဖေဖော်ဝါရီမှ ပြီးမှာမို့လို့ လာနီညာဖြစ်စဉ် မပြီးမချင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ကြီးမှာ လေပွေလှိုင်းတွေ ၁၀ ရက် တစ်ခါလောက် ထထဖြစ်မယ်။ ဖေဖော်ဝါရီအထိ။ အင်အားကောင်းလို့ မြောက်ဘက်ကို နည်းနည်းတက်ရင် ရန်ကုန်တို့၊ ဧရာဝတီတို့ မိုးရွာမယ်။ အိန္ဒိယဆို အိန္ဒိယတောင်ပိုင်း မိုးရွာမယ်။ ထိုင်းဆိုရင် ဘန်ကောက်တို့၊ ဖူးခက်တို့ မိုးရွာမယ်။ ဒီလိုမျိုး ဖေဖော်ဝါရီလအထိ ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။ ဒါမျိုးသည် လာနီညာဖြစ်မှ ဖြစ်တာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယခုလာနီညာဖြစ်စဉ်ကြောင့် ပုံမှန် မိုးမရွာသည့် ဆောင်းရာသီတွင် လေပွေလှိုင်းများ၊ မုန်တိုင်းငယ်များ ဖြစ်ပွားပြီး ယင်းဖြတ်သန်းရာ တစ်လျှောက်တွင် မိုးရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပွားစေသည်။

“ပစိဖိတ်မှာ အအေးလွန်တဲ့ ဆောင်းရာသီ ခံစားရမယ်။ မြန်မာဘက်မှာတော့ မိုးရွာတယ်။ အေးတယ်။ အအေးလွန်တဲ့ ဆောင်းတော့ မဟုတ်ဘူး။ တကယ်ဖြစ်တဲ့ နေရာနဲ့ အာရှတိုက်မှာ နည်းနည်းတော့ ကွဲပြားတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

အနုတ်ဒီဂရီအထိ အေးခဲ့သည့် ချင်းပြည်နယ်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၄ ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းခဲ့ပြီး ထူးခြားသည့် အပူချိန်များအနက် ဟားခါးမြို့တွင် (-၅ ) ဒီဂရီ စင်တီ ဂရိတ်၊ မင်းတပ်မြို့၊ တီးတိန်မြို့တို့ တွင် ၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

“ဟားခါးမှာက ဒီကနေ့မနက် မှာ အနုတ် ၄ ဒသမ ၇ ဒီဂရီစင်တီ ဂရိတ်အထိ ရောက်သွားပါတယ်။ အခုဟာက ပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်တုန်း အနုတ် ၁ အထိကျဖူးပါတယ်။ ရေခဲအမှတ်အောက် ဒုတိယအကြိမ် ရောက်တဲ့ အခြေအနေပါ။ အရင်နှစ်တွေတုန်းက ၂၀၁၈ တုန်းက ဆိုရင်တောင် နိုဝင်ဘာလမှာ အနုတ်အထိ ကျတယ်။ ဒီဇင်ဘာလဆိုရင် စံချိန်က အနုတ် ၆ ပါ။ ၁၉၉၁ တုန်းက ဖြစ်ခဲ့တာပါ။ ဒါက ဒီဇင်ဘာလရဲ့ စံချိန်ဖြစ်ပါတယ်။ ဒီဇင်ဘာလစံချိန် မချိုးသေးပါဘူး။ ဆောင်းကာလ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလ အထိက ဆောင်းကာလ ဖြစ်တယ်။ ဆောင်းကာလဖြစ်တော့ အနုတ်အောက်တော့ နိုဝင်ဘာလမှာ ဖြစ်တဲ့အခါရှိတယ်။ များသောအားဖြင့် ကတော့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာပဲ အနုတ်အောက် ဖြစ်တတ်ပါတယ်” ဟု ချင်းပြည်နယ် မိုးဇလဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခုပ်ကန်းကျင့်က ပြောကြားသည်။

ယခုကဲ့သို့ အပူချိန်အတက်အကျ မြန်ဆန်မှု သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အနေဖြင့် ကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း ဦးခုပ်ကန်းကျင်က ဆိုသည်။

“လူတွေရဲ့ စိတ်ထဲမှာကလည်း အပူချိန် တက်လိုက်ကျလိုက်ဖြစ်တော့ ချက်ချင်းမခံစားနိုင်ဘူး။ မနေ့က ၃ ဒီဂရီ ဖြစ်တယ်။ အခုကျ အနုတ် ၄ ဒသမ ၇ ဆိုတော့ ရာသီဥတု အပြောင်းအလဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပါတယ်။ ဟားခါးမှာ ဟိုတစ်လောက ၆၊ ၇ ဒီဂရီဆိုတော့ နေလို့ကောင်းတယ်။ အသင့်အတင့်ပါ။ ဒီမနက်ဆိုရင် ရေငွေ့ပြန်တိုင်းတဲ့ ဇလားထဲက ရေတွေလည်း ခဲကုန်တယ်။ နှင်းကလည်း တအားကျပြီး တစ်ကြောလုံး ရေခဲကုန်တယ်။ အားအသင့်အတင့်ကနေ အားကောင်းမယ်ဆိုတော့ ဒီဟာကလည်း စံချိန်နီးနီး ဖြစ်မယ်။ ပြည်သူတွေ ကျန်းမာရေးကို ဂရုစိုက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ချင်းပြည်နယ် မိုးဇလဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခုပ်ကန်းကျင့်က ပြောကြားသည်။

အအေးလှိုင်း သတ်မှတ်ခြင်း

ဆောင်းမုတ်သုံ အားကောင်းတတ်သည့် ဒီဇင်ဘာ၊ ဇန်နဝါရီတွင် မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းမြင့်ဒေသများ၊ မြေလတ်ပိုင်းဒေသများတွင် အအေးလှိုင်း ဖြစ်ပေါ်မှု အများဆုံး ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ ဆောင်းမုတ်သုံကာလအတွင်း တရုတ်ပြည်ပေါ်မှ လေဖိအားများဒေသ (High Pressure Region) သည် တဖြည်းဖြည်း အင်အားချဲ့ထွင်လာသည့်အခါ ၎င်းလေဖိအားများဒေသမှ လေဖိအားများ ဘောင်တန်း (Ridge) သည် မြန်မာနိုင်ငံသို့ အရှေ့မြောက်ဘက်မှ တိုးဝင်လာပြီး ၎င်းလေဖိအားများ ဘောင်တန်းထိပ်ဘက်တွင် အအေးပိုခြင်း ဖြစ်ပေါ်လာသည်။ ပုံမှန်အပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်နှင့် ယင်းအထက်ပို၍ လျော့ကျပြီး ထိုသို့လျော့ကျမှုသည်နေရာ အနှံ့အပြားတွင် နှစ်ရက်ထက်ပိုသောကာ လအထိ ဖြစ်ပေါ်နေလျှင် အအေးလှိုင်း ဖြတ်သည်ဟု သတ်မှတ်သည်။

“ပုံမှန်လတစ်လရဲ့ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တန်ဖိုးထက် ၃ ဒီဂရီ စင်တီဂရိတ်ထက်လျော့ပြီး သုံးရက် ဆက်တိုက်ဖြစ်ရင် အအေးလှိုင်း ဖြတ်တယ်လို့ သတ်မှတ်တယ်။ ပုံမှန်ထက် အနုတ် ၇ ဒီဂရီစင်တီဂရိတ် လောက်အထိ ဖြစ်သွားတယ်ဆိုရင် ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်တယ်လို့ ပြောလို့ရတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

လက်ရှိနှစ်သည် လာနီညိုကြောင့် လေပွေလှိုင်းများ၊ မုန်တိုင်းများ ဖြစ်ပေါ်သည့် အတွက်ကြောင့် အလွန်အမင်းအေးခြင်း၊ အအေးလှိုင်းများ ဖြတ်သန်းခြင်းများ ဖြစ်ပွားရန် နည်းပါးကြောင်း ဦးချစ်ကျော်က ဆိုသည်။

“မြောက်ပိုင်းတို့၊ ကချင်တို့၊ စစ်ကိုင်းအထက်တို့၊ ချင်းတို့ကတော့ အေးမယ်။ ဟားခါးဆိုရင် သူ့ရဲ့ ပုံမှန် အပူချိန်က အနုတ်တစ် ဒီဂရီစင်တီ ဂရိတ်ရှိတယ်။ အနုတ်ခုနစ်တို့ ရှစ်လို့အထိတော့ ကျမသွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေနွေးက တောင်ဘက်မှာ ရှိနေတယ်။ ခါတိုင်း ဆောင်းလိုမဟုတ်ဘူး” ဟု ဦးချစ် ကျော်က ပြောကြားသည်။

ဆောင်းတွင်းကာလသည် အအေးပိုပါကလည်း မြောက်ဘက်လေ အားကောင်းမှုကြောင့် ငါးရက်မှ ၁၀ ရက်ခန့်သာရှိပြီး ပြန်လည်အအေးကျဆင်းသည့် သဘာဝရှိသည်။

“အအေးရဲ့ သဘောတရားက လေးငါးရက်၊ ၁၀ ရက်ပြီးရင် ပြန်အအေးပေါ့တယ်။ အခုလာနီညာ ဖြစ်တဲ့အခါကျတော့ လေပွေလှိုင်းတွေဖြတ်တဲ့ အချိန်မှာ မြောက်ဘက်ကလေက တောင်ဘက်ကို လာတယ်။ လေပွေလှိုင်းပြီးတဲ့ အချိန်မှာ တန့်သွားပြန်ရော။ အခုလေပွေလှိုင်း မပေါ်တဲ့အတွက် ရန်ကုန်တို့ ဘာတို့မှာ နည်းနည်းအအေးပေါ့နေမယ်။ ဘာလို့ဆိုပင်လယ်နဲ့ နီးနေတဲ့အတွက် အအေးပေါ့နေတာ။ အခုချိန်မှာ ပင်လယ်ရေက လာနီညာကြောင့် နွေးနေတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

လာနီညာဖြစ်စဉ် ရှိသော်လည်း ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းထားချက်အရ ယခုနှစ် ဆောင်းရာသီသည် လာနီညာဖြစ်စဉ် ရှိသော်လည်း ပုံမှန်ဆောင်းရာသီ၏ အပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။

“အောက်တိုဘာ ၂၈ ရက်က ခန့်မှန်းထားတာ ဒီနှစ်ဆောင်းရာသီက ပုံမှန်အပူချိန်လောက်ပဲ ရှိမယ်ဆိုတဲ့ အနေအထားမျိုး ခန့်မှန်းထားတယ်။ လက်ရှိမှာလည်း နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်မှာ ရရှိထားတဲ့ မှတ်တမ်းတွေအရ ပုံမှန်အပူချိန် လောက်ပဲရှိမယ်။ လောလောဆယ်တော့ လာနီညာဖြစ်တဲ့နှစ်တွေမှာ ဆောင်းရာသီကာလအတွင်း လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းငယ် ဖြစ်တာတွေရှိတယ်။ ဒီအတွက်ကြောင့် အချိန်အခါမဟုတ် မိုးရွာတာတွေ ရှိလာနိုင်တယ်။ မိုး လေ တိမ် ကင်းစင်သွားမယ့်နေ့ဆိုရင် အေးလာနိုင်ပြီးတော့ တိမ်တက်လာပြီဆိုရင် အအေးပြန်ပေါ့တဲ့ အနေအထားမျိုး တွေ့ရတယ်။ တောက်လျှောက်ကြီး အေးနေမယ့် အနေအထားမရှိဘူး။ မြောက်ပိုင်းဒေသက တောင်ကုန်း တောင်တန်း ဒေသလည်း ဖြစ်တယ်။ ဆောင်းရာသီကာလမှာ ဆိုရင်လည်း ပုံမှန်ထက်အေးတဲ့ အနေအထားရှိတယ်။ တောင်ပိုင်းဒေသက ပင်လယ်ပြင်ရှိနေတဲ့အတွက် ရာသီဥတုကို ပြုပြင်ဖန်တီးပေးနေတယ်။ ပင်လယ်က လေနွေးတွေ တိုက်လာတဲ့အတွက် ညပိုင်း အအေးပေါ့တဲ့ အနေအထားပေါ့။ ဆောင်းရာသီ ကာလဆိုတာ အရှေ့မြောက်လေဆိုတော့ ဝန်ရိုးစွန်းဘက်ကနေလာတယ်။ ကုန်းတွင်းပိုင်းကို ဖြတ်တဲ့အတွက် မြောက်ပိုင်းက ပိုပြီးတော့ အေးတယ်။ အအေးကတော့ နှစ်သုံးဆယ်ပျမ်းမျှ အပူချိန်လောက်ပဲရှိမယ်။ အနီးဆုံး နှစ်တွေထက်တော့ အနည်းငယ်ပိုအေးမယ်။ လာနီညာက ၂၀၁၆-၂၀၁၇ မှာလည်း ဖြစ်ခဲ့တယ်။ ၂၀၁၇- ၂၀၁၈ မှာလည်း ဖြစ်တယ်။ အဲဒီတုန်းကတော့ အားအနည်းငယ်သာရှိတဲ့ လာနီညာဖြစ်ခဲ့တာ ဒီနှစ်ကတော့ အားအသင့်အတင့်ရှိတဲ့ လာနီညာ ဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

လတ်တလော ရာသီဥတု အနေအထားသည် တစ်ရက်နှင့် တစ်ရက်ပင် ခန့်မှန်းရန် ခက်ခဲခြင်းများ၊ ကြိုတင်ပြောဆိုရန် ခဲယဉ်းခြင်းများ ကြုံလာရကြောင်း၊ မိုးရွာသွန်းစဉ် အေးမြခြင်းများ ကြုံတွေ့ရသော်လည်း မိုးရပ်ပြီးနောက်ပိုင်း ခြောက်သွေ့မှုများ ကြုံရခြင်း၊ ညပိုင်းများတွင်လည်း အေးမြခြင်းနှင့် ခြောက်သွေ့ခြင်း တစ်လှည့်စီ ကြုံတွေ့ရခြင်းများလည်း ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ရာသီဥတု ပြောင်းလဲလာခြင်း၏ အကြောင်းတရားများထဲတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှုသာမက လူဦးရေ ထူထပ်များပြားခြင်းသည်လည်း အပါအဝင်ဖြစ်ပြီး လူဦးရေ တိုးတက်လာမှုအတွက် နေထိုင်ရန် မြေနေရာချဲ့ထွင် ရှင်းလင်းရမှုများ၊ စိုက်ပျိုးရန် မြေနေရာ ချဲ့ထွင်ရမှုများ၊ သစ်ပင်ခုတ်ယူမှုများ ရှိလာခဲ့သည်။

စွမ်းအင်အသုံးချမှု၊ လူဦးရေ တိုးပွားမှုတွင် အကြောင်းအမျိုးမျိုးနှင့် အသုံးချရမှု များပြားသောကြောင့် တစ်နှစ်လျှင် သစ်တောဟက်တာ တစ်သိန်းခန့် သုံးစွဲနေရပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူပေးသည့် သစ်ပင်များ တဖြည်းဖြည်း ဆုံးရှုံးလာမှုကလည်း ရာသီဥတု ပူနွေးပြောင်းလဲမှု၏ အကြောင်း တစ်ချက်ပင်ဖြစ်သည်။

လက်ရှိတွင်လည်း ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်းတို့ ကြုံရသည်လည်း ရှိလာကြောင်း၊ အဆိုပါ အနေအထားသည် စိုက်ပျိုးရေး လုပ်ငန်းများပေါ်တွင် သက်ရောက်မှုများ ရှိလာကာ မိုးရွာမည်ကိုလည်း ခန့်မှန်းရ ခက်ခဲလာကြောင်း အိန္ဒိယ သိပ္ပံနှင့် သဘာဝ ပတ်ဝန်းကျင် ဌာနမှ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

Most Read

Most Recent