မြန်မာနိုင်ငံအနေဖြင့် COVID ဒုတိယလှိုင်းကို ကျော်လွှားနိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးနောက်တွင် COVID ပိုးတွေ့နှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပျံ့နှံ့နှုန်းနှင့် COVID ကြောင့် သေဆုံးနှုန်းမှာ မြင့်နေဆဲ ဖြစ်သည်ဟု ဆိုရမည်။ မတ် ၂၃ ရက်က မြန်မာနိုင်ငံတွင် ကိုဗစ်ပိုး စတွေ့ပြီး ယနေ့အထိ COVID ပျံ့နှံ့မှု ထိန်းချုပ်တားဆီးနိုင်ရန် ကြိုးစားခဲ့ရမှုတွင် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များ အားလျော့လာသည့် အခြေအနေတွင် ရှိလာသည်။ ကုသရေးစင်တာများတွင် ကျန်းမာရေးဝန်ထမ်းအင်အား လျော့နည်းနေပြီး စေတနာ့ဝန်ထမ်းများလည်း စင်တာတစ်ခုလျှင် ဆယ်ဦးခန့်စီ လိုအပ်၍ ဖိတ်ခေါ်နေရသည်။ ရန်ကုန်တွင် COVID ပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးစားနေချိန်၌ အခြားမြို့နယ်များတွင် ပိုးတွေ့နှုန်း မြင့်တက်လာခြင်းက စိုးရိမ်စရာ ဖြစ်လာသည်။ နိုင်ငံကြီးများတွင် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေသော်လည်း မြန်မာသို့ ကာကွယ်ဆေးရောက်ရန်နှင့် ပြည်သူများ ထိုးနှံနိုင်ရန် အချိန်စောင့်ရဦးမည် ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် အစိုးရအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ မှန်ကန်သော စီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန် အရေးကြီးသည်။ စီမံခန့်ခွဲမှု မကောင်းလျှင် ဆုံးရှုံးနိုင်မှုလည်း များသည်။
ကပ်ဘေးဆိုင်ရာ ခြိမ်းခြောက်မှုများကို စီမံခန့်ခွဲသည့် မဟာဗျူဟာများ၌ ခြိမ်းခြောက်မှုကို ရှောင်ရှားနိုင်ရေး၊ မကောင်းသော သက်ရောက်မှု သို့မဟုတ် မကောင်းသော ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရေး၊ ခြိမ်းခြောက်မှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကို အခြားဘက်သို့ ရွှေ့ပြောင်းနိုင်ရေး၊ သက်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်၏ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အမှန်တကယ် ဖြစ်လာမည်ဖြစ်သော အကျိုးဆက်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပိုမိုဆိုးရွား မလာအောင် ထိန်းထားနိုင်ရေးနှင့် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး အစရှိသည်တို့ ပါဝင်သည်။ သို့သော် ဘေးအန္တရာယ်နှင့် ပတ်သက်၍ တိုင်းတာ၍ရသော တိုးတက်မှု မရှိခြင်းကြောင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စံသတ်မှတ်ချက် အများအပြားသည် အမျိုးမျိုးသော ရှုထောင့်များမှနေ၍ ပြည်သူတို့၏ ဝေဖန်မှု ခံရတတ်သည်။ ယင်းကြောင့် သင့်တော် မှန်ကန်ပြီး စနစ်ကျသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု (Risk Management) က အရေးတကြီး လိုအပ်သည်ဟု ဆိုရခြင်း ဖြစ်သည်။
အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်သည် COVID စတင်ခဲ့သည့် တရုတ်၏စာရင်းကို ကျော်၍ တစ်သိန်းကျော်အထိ ရှိလာပြီဖြစ်သည်။ ကပ်ကာလ ရှည်လာမှုနှင့် ပျံ့နှံ့မှု၊ သေဆုံးမှု အခြေအနေတို့ကြောင့် လူအများကြားတွင် စိုးရွံ့ထိတ်လန့်မှုများ ရှိနေကြမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနေသည့် အခြေအနေနှင့် ကဏ္ဍစုံတွင် လိုအပ်ချက်များနှင့် မပြည့်စုံမှုတို့ကြောင့် ယင်းသို့ စိုးရိမ်ကြရခြင်းလည်း ဖြစ်သည်။ လူထုအနေဖြင့် ယင်းရောဂါ ကပ်ဆိုးကြီးကို ခုခံတွန်းလှန်မည့်အစိုးရ၏ အစီအမံများကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဖြစ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့် အစိုးရ၏ ပံ့ပိုးပေးနိုင်စွမ်းနှင့် စီမံခန့်ခွဲနိုင်စွမ်းကို မေးခွန်းထုတ် ဝေဖန်မှုများရှိခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဘေးအန္တရာယ် လျော့ပါးသွားစေရန်နှင့် ဆက်လက် ကြီးထွားမလာအောင် တားဆီးပေးရန်တို့အတွက် သင့်တော်မှန်ကန်ပြီး စနစ်ကျသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများကို အစိုးရက တာဝန်ယူချမှတ် အကောင်အထည်ဖော်ရမည် ဖြစ်သည်။ တာဝန်ရှိ အာဏာပိုင်အဖွဲ့တို့၏ ကပ်ဘေးဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်းသည် ပြည်သူနှင့် နိုင်ငံအထိအခိုက် နည်းပါးစေရေးအတွက် ကြီးစွာသော အဆုံးအဖြတ်လည်း ဖြစ်သဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းသည် အရေးကြီးသော ကပ်ဘေးဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှု ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၁၀ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်









