ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်ဘဲ ကိုဗစ်ကူးစက် အပေါ် မူတည်၍ ကျောင်းများ ပြန်ဖွင့်နိုင်ရန် စီစဉ် နေကြောင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြော ကြားသည်။
စာသင်ကျောင်းများပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ်များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနက အသိပေးသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။
“ဖွင့်နိုင် မဖွင့်နိုင်ဆိုတာ ချက်ချင်းကြီး ကောက်ပြောလို့ မရဘူးလေ။ ကိုဗစ်ကူးစက် မှုအပေါ် မူတည်တယ်။ အခု လောလော ဆယ်ကတော့ စောင့်ကြည့်ဆဲ ကာလလို့ပဲ ပြောလို့ရတယ်။ လောလောဆယ် အစီအစဉ် ဆွဲတာတွေတော့ လုပ်နေကြတယ်။အချိန် မှာတော့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်တဲ့ အချိန်အသိပေးလိုက်မယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
စာသင်ကျောင်းများ ပိတ်ထားရသော ကြောင့် ပညာရေးဝန်ကြီးဌာနဟာ အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရုပ်သံလိုင်းများက တစ်ဆင့်ထုတ်လွှင့် ပြသရန် စီစဉ်နေသည်။
Free to Air ရုပ်သံမီဒီယာများဖြစ်သည့် MRTV, MRTV 4, Sky Net, Myanmar Eduction Channel,MNTVနှင့် မြဝတီရုပ်သံမီဒီယာတို့မှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများ ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း သိရသည်။ လျှပ်စစ်မီးနှင့် တီဗီမရှိသည့် ဒေသများတွင် ရေဒီယိုများက တစ်ဆင့် ပို့ချ သွားမည်ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ်ကျောင်းဖွင့်သည် ဖြစ်စေ မဖွင့်သည်ဖြစ်စေ ကလေးကတော့ အိမ်မှာသင်ယူနေရင် သူတို့အတွက်က အကျိုးရှိသွားပြီ။ ကျောင်းဖွင့်တာကို စောင့်ရင်းနဲ့အိမ် မှာပဲ သင်ယူနေစေချင်တယ်” လို့ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
လက်ရှိတွင် MRTV နှင့် Myanmar Education Channel တို့တွင် ယခင်က ရေး ဆွဲပြီးသားဖြစ်သည့် သင်ရိုးညွှန်းတမ်းများကို ထုတ်လွှင့်ပြသလျက်ရှိသည်။
တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ကိုဗစ်ကပ်ရောဂါပျ့ံနှံ့မှုကြောင့် နှစ်လနီးပါး နောက်ကျပြီးမှ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းများကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
အထက်တန်းများ ဖွင့်လှစ်ပြီး နောက် သတ္တပတ်အကြာတွင် အလယ်တန်းနှင့် မူလတန်းများကို ဖွင့်လှစ်ရန် ကနဦးက စီစဉ်ထား ခဲ့သော်လည်း သြဂုတ်လအတွင်း ရခိုင်ပြည် နယ်တွင် ကိုဗစ် ပြည်တွင်းကူးစက်မှုများ ပျံ့ နှ့ံလာသောကြောင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ် သည်။
သြဂုတ် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် နှစ်ဝက်ကျိုးသွားသော်လည်း မြန်မာနိုင်ငံ အတွင်း ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့နေမှုများ ကြောင့် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲသို့ ရောက်ရှိနိုင်ခြင်း မရှိသေး ပေ။















