အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင်ကျင်းပရန် လျာထားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအတွက် နည်းပြချုပ်အား အမြန်ဆုံးခန့်အပ်နိုင်ရန် စီစဉ်နေ

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင်ကျင်းပရန် လျာထားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအတွက် နည်းပြချုပ်အား အမြန်ဆုံးခန့်အပ်နိုင်ရန် စီစဉ်နေ
Photo: MFF
Photo: MFF
Published 4 November 2020

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သ ည် ၂၀၂၀ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို  မူလက ယခုနှစ် နိုဝင်ဘာတွင်ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ် ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံ၌ ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ဧပြီလအတွင်း ကူဝိတ်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လစ်လပ်နေသည့် နည်းပြချုပ်ရာထူးနေရာအတွက် နယ်သာလန်နိုင်ငံသားနည်းပြချုပ် ဗစ်တာဟာမန်စ်ကို အမြန်ဆုံးခန့်အပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ "ဗစ်တာဟာမန်စ် ကို မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်နိုင်ဖို့ သဘောတူညီမှုရရှိထားပြီးပါပြီ။ လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါပိုးအခြေအနေကြောင့်သာ ကြန့်ကြာနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အမြန်ဆုံးခန့်အပ်မှုတွေလုပ်နိုင်ဖို့အတွက် စီစဉ်နေပါတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

နယ်သာလန်နိုင်ငံသားနည်းပြချုပ် ဗစ်တာဟာမန်စ်ကို မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ယခုနှစ် နှစ်လယ်ပိုင်းကတည်းက ခန့်အပ်ရန် စီစဉ်ထားသော်လည်း ရောဂါဖြစ်ပွားမှု အခြေအနေအရ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ လေကြောင်းလိုင်းများ တရားဝင်ပြန်လည်ဖွင့်လှစ်ပြီး ပြည်ဝင်ခွင့်ရရှိမှသာ နည်းပြချုပ်ကို ခန့်အပ်နိုင်မည် ဖြစ်သော်လည်း ဗစ်တာဟာမန်စ်အနေဖြင့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် အနည်းဆုံး အချိန်နှစ်လခန့်ရရှိစေရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

လာမည့်နှစ်အတွင်း ဖူဆယ်ပြိုင်ပွဲများအဖြစ် ကမ္ဘာ့ဖလားဖူဆယ်ပြိုင်ပွဲကို စက်တင်ဘာလတွင် လစ်သူယေးနီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ဖေဖော်ဝါရီလတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent