ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ခရစ္စမတ်ကာလတွင် ပြုလုပ်သွားဖွယ်ရှိနေသည်ဟု ယာယီဥက္ကဋ္ဌ တူးစကွက်စ် အတည်ပြုခဲ့ပြီး ဥပဒေအရ ရက် ၉၀ အတွင်း ကျင်းပရမည်

ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ခရစ္စမတ်ကာလတွင် ပြုလုပ်သွားဖွယ်ရှိနေသည်ဟု ယာယီဥက္ကဋ္ဌ တူးစကွက်စ် အတည်ပြုခဲ့ပြီး ဥပဒေအရ ရက် ၉၀ အတွင်း ကျင်းပရမည်
Photos : Getty Images
Photos : Getty Images
Published 4 November 2020

ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို လာမည့်ခရစ္စမတ်ကာလတွင် ကျင်းပသွားဖွယ်ရှိသည်ဟု လက်ရှိတွင် ယာယီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူ ကာလက်စ်တူးစကွက်စ်က အတည်ပြုခဲ့ပြီး ဘာစီလိုနာအသင်းဥပဒေအရ ရက်ပေါင်း ၉၀ (သုံး လ)အတွင်း ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တူးစကွက်စ်က လစာငွေလျှော့ချမည့်အစီအစဉ်အတွက် ကစားသမားများ နှင့် ညှိနှိုင်းသွားရန် ကလပ်အသင်းဘက်မှ အလိုရှိနေကြောင်း ဝန်ခံခဲ့သည်။ ဘာတိုမူ ဥက္ကဋ္ဌရာထူးမှထွက်ခွာချိန်တွင် ကလပ်အသင်း၏ဘဏ္ဍာရေးအခြေအနေမှာ အမြင့်ဆုံး စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း တူးစကွက်စ်က ဖွင့်ချခဲ့သည်။

"ရေတိုအနေနဲ့ ကလပ်အသင်းရဲ့ အသုံးစရိတ်ကို ဆက်လက်လျှော့ချသွားလိုပါတယ်။ အဓိကအလိုအပ်ဆုံးအရာက လစာငွေကိစ္စ ပြန်လည်ညှိနှိုင်းရဖို့ ပါပဲ။ ကစားသမားများ၊ အသင်းဝန်ထမ်းများ နဲ့ သဘောတူညီမှုရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ပိုက်ဆံမယူချင်ပါဘူး။ အသင်းအနေ နဲ့ ငွေကြေးလိုအပ်သူတွေကို ပေးလိုတဲ့ဆန္ဒသာရှိပါတယ်" ဟု တူးစကွက်စ်က ပြောကြားခဲ့သည်။ ထို့ပြင် တူးစကွက်စ်က ကလပ်အသင်းအနေဖြင့် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘတ်ဂျက်လိုငွေပြမှုကို ထိန်းညှိနိုင်ရန်အတွက် ယူရို သန်း ၃၀၀ ဝန်းကျင်ခန့် လိုအပ်နေကြောင်းလည်း ဝန်ခံခဲ့သည်။

ဘာစီလိုနာအသင်း၏ ကွင်းတွင်းကွင်းပြင်ကျဆင်းမှုများနှင့် အသင်းခေါင်းဆောင် မက်ဆီ၏အနာဂတ်မသေချာတော့သည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး လအနည်းငယ်အကြာတွင် ဘာတိုမူနှင့် ဘုတ်အဖွဲ့ဝင်အားလုံး နုတ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။ဘာတိုမူအား ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားနိုင်ရန်အတွက် ကလပ်အဖွဲ့ဝင်များ၏ ဆန္ဒမဲခံယူမှုများကို လာမည့် နိုဝင်ဘာ ၁၊ ၂ ရက်များတွင် ပြုလုပ်ကာ ဘာတိုမူကို ရာထူးမှဖြုတ်ချရန် ပြင်ဆင်နေချိန်တွင် ဘာတိုမူနှင့် ဘုတ်အဖွဲ့ဝင်များက နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဘာစီလိုနာအသင်းကို ယာယီစီမံခန့်ခွဲမှု ဘုတ်အဖွဲ့လက်အောက်တွင် ထားရှိပြီး အမှုဆောင်ဘုတ်အဖွဲ့သစ် ခန့်အပ်နိုင်သည့်အချိန်အထိ တာဝန်ယူသွားမည်ဖြစ်သည်။ 

ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် အသင်းဥက္ကဋ္ဌဟောင်း လာပေါ်တာအပါအဝင် ဗစ်တာဖောင့်၊ ယော်ဒီဖာရေး၊ တိုနီဖရီရှာ နှင့် အယ်လူးဝစ်ဖာနန်ဒက်ဇ်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗစ်တာဖောင့်နှင့် လာပေါ်တာမှာ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်ခံရရန် ရေပန်းအစားဆုံး ဖြစ်နေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ ဗစ်တာဖောင့်သည် ပူယိုးလ်၊ ဇာဗီနှင့် ဂျရတ်လိုပက်ဇ်၊ ဥက္ကဋ္ဌဟောင်း ဂတ်စ်ပတ်တို့ ၏ထောက်ခံမှုများ ရရှိထားသူဖြစ်သည်။

Most Read

Most Recent