ဝေါ်လ်ကာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အဝေးကွင်းမှာနိုင်ပွဲရခဲ့တဲ့ မန်စီးတီး

ဝေါ်လ်ကာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အဝေးကွင်းမှာနိုင်ပွဲရခဲ့တဲ့ မန်စီးတီး
Photos: Team Twitter
Photos: Team Twitter
Published 31 October 2020

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညရဲ့ အစောပိုင်းပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်းမှာ နောက်ခံလူဝေါ်လ်ကာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ထင်တိုင်းမပေါက်ဖြစ်နေလို့ ဖိအားများနေတဲ့ မန်စီးတီးနဲ့ နည်းပြဂွါဒီယိုလာတို့အတွက်တော့ ကျေနပ်စရာအဝေးကွင်းနိုင်ပွဲလို့ဆိုရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာကောင်းတာက ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲမှာ မန်စီးတီးအသင်းဟာ တစ်ပွဲတစ်ဂိုးနှုန်းနဲ့ သွင်းဂိုး (၄)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းပြဿနာအတွက် နည်းပြဂွါဒီယိုလာ အမြန်ဆုံးအဖြေရှာဖို့လိုအပ်နေပါပြီ။

အိမ်ရှင်ရှက်ဖီးယူနိုက်တက်ကတော့ တိုက်စစ်အားနည်းမှု၊ ခံစစ်ပိုင်းအားနည်းမှုတွေနဲ့အတူ ဒီရာသီပရီးမီးယားလိဂ် (၇)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးဘဲ (၁)ပွဲသရေ၊ (၆)ပွဲရှုံးရလဒ်နဲ့အတူ စိုးရိမ်စရာအခြေအနေဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ရာသီက မာကျောတဲ့ကစားဟန်မျိုး ရှက်ဖီးယူနိုက်တက်အသင်းမှာမတွေ့ရတော့သလို နည်းပြခရစ္စဝိုင်ဒါလ်ရဲ့အနာဂတ်ကလည်း မသေချာမှုတွေဖြစ်လာခဲ့ပါပြီ။

ပွဲစကတည်းက မန်စီးတီးအသင်းဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပါတယ်။ 

အဂွဲရိုးနဲ့ ဂျေဇူးတို့မပါဝင်နိုင်တဲ့တိုက်စစ်ပိုင်းမှာ စတာလင်၊ ဖယ်ရန်တောရက်စ်၊ မာရက်ဇ်တို့ကိုတွဲဖက်ခဲ့ပြီး တိုက်စစ်အတွဲအဖက်တွေကြားမှာတော့ နားလည်မှုအနည်းငယ်လိုအပ်နေတာကိုတွေ့ရပါတယ်။

ဒီပွဲတစ်လုံးတည်းသောသွင်းဂိုးလည်းဖြစ်၊ မန်စီးတီးရဲ့အနိုင်ဂိုးလည်းဖြစ်တဲ့ တစ်လုံးတည်းသောသွင်းဂိုးကိုတော့ ပွဲချိန် (၂၈)မိနစ်မှာ ဒီဘရိုင်းနားရဲ့ပေးပို့မှုကနေ ဝေါ်လ်ကာ အဝေးကန်ချက်နဲ့ကန်သွင်းယူခဲ့တာပါ။

ဂိုးရပြီးနောက်ပိုင်းမှာလည်း မန်စီးတီးအသင်းဖိအားပေးကစားနိုင်ခဲ့ပေမယ့် စတာလင်၊ မာရက်ဇ်တို့ အခွင့်အရေးတွေဖြုန်းတီးခဲ့သလို ရှက်ဖီးယူနိုက်တက်ခံစစ်နဲ့ ဂိုးသမားရမ်းစ်ဒေးလ်တို့ပုံစံကောင်းပြခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။

ဒုတိယပိုင်းမှာ ရှက်ဖီးယူနိုက်တက်အသင်းချေပဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

လက်ကျန်မိနစ်တွေမှာ မန်စီတီးအသင်းကပဲ ပွဲကိုထိန်းချုပ်ကစားသွားခဲ့လို့ (၁-ဝ)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

Most Read

Most Recent