ပြင်သစ်နိုင်ငံ၌ Lockdown စည်းမျဉ်းသစ် ချမှတ်ထားသော်လည်း လီဂူးအမှတ်ပေးပြိုင်ပွဲများကို ပရိသတ်မပါဘဲ ကွင်းပိတ်၍ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြင်သစ်ဖလားအပါအဝင် ပြိုင်ပွဲအချို့ကိုမူ ဒီဇင်ဘာ အထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) က အတည်ပြု ထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ၌ COVID-19 ရောဂါ ဒုတိယလှိုင်းစတင်နေပြီဖြစ်ပြီး အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) က ရောဂါပိုးအသစ် တွေ့ရှိသူ (၃၆၄၃၇) ဦးနှင့် သေဆုံးသူ (၂၄၄)ဦး၊ အောက်တိုဘာ (၂၉) ရက် (ကြာသပတေးနေ့)တွင် ရောဂါပိုးအသစ်တွေ့ရှိသူ (၄၇၆၃၇) ဦးနှင့် သေဆုံးသူ (၂၃၅) ဦးရှိခဲ့သည်။
ထို့ကြောင့် ပြင်သစ်သမ္မတ မက်ခရွန်က နိုင်ငံတစ်ဝန်း Lockdown စည်းမျဉ်းသစ် ပြန်လည်ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုကြေညာခဲ့ပြီး အားကစားဝန်ကြီး ရိုဆာနာကလည်း ပရော်ဖက်ရှင်နယ် အားကစားသမားများအနေဖြင့် လေ့ကျင့်မှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်မှု ဆက်လက်ပြုလုပ်နိုင်သော်လည်း ကွင်းပိတ်ကျင်းပရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) က အမျိုးသားလိဂ်ပြိုင်ပွဲများဖြစ် သည့် လီဂူး-၁၊ လီဂူး-၂၊ The National ပြိုင်ပွဲ၊ အမျိုးသမီးထိပ်တန်းလိဂ်ပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကို ကွင်းပိတ်၍ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း၊ ပြင်သစ်ဖလား အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ လူငယ်ချန်ပီယံရှစ် အမျိုးသား၊ အမျိုးသမီးနှင့် အမျိုးသမီးအောက်တန်းလိဂ်ပြိုင်ပွဲများကို ဒီဇင်ဘာ (၁) ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"FFF အနေဖြင့် National 3၊ National 2၊ အမျိုးသမီး D2၊ ပြင်သစ်ဖလား အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ နေရှင်နယ်လူငယ်ချန်ပီယံရှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများကို ဒီဇင်ဘာ (၁) ရက် အင်္ဂါနေ့ အထိ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းကာလအတွင်း ပွဲအားလုံး ကျင်းပခွင့်ရ မည်မဟုတ်ဘဲ ပြန်လည်ကျင်းပမည့်အချိန်ကို ကျန်းမာရေးအခြေအနေတိုးတက်မှုအပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်သည်" ဟု FFF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုတစ်ပတ် လီဂူး-၁ ပွဲစဉ် (၉) အဖြစ် သောကြာနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် မာဆေးလ်-လန်းစ်ပွဲစဉ်မှာလည်း ဧည့်သည်အသင်းတွင် COVID-19 ရောဂါ Positive တွေ့ရှိသူ (၁၁) ဦးရှိသဖြင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ပြင်သစ်ဖလားပြိုင်ပွဲတွင်မူ လီဂူး -၁ ကလပ်များမှာ အစောပိုင်းအဆင့်များ၌ ပါဝင်ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ (၆၄) သင်း အဆင့်မှသာ စတင်ကစားရမည်ဖြစ်သည်။
ပုံမှန်အားဖြင့် (၆၄) သင်းအဆင့်ကို ဇန်နဝါရီတွင် ကျင်းပလေ့ရှိပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၉-၂၀၂၀ ရာသီတွင် PSG အသင်းက စိန့်အက်တီယန်အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထားသည်။















