နေမာ၏ ဒဏ်ရာ ပြင်းထန်ဖွယ်မရှိဘဲ ပွဲအနည်းငယ်သာ နားရလိမ့်မည်ဟု PSG နည်းပြ တူဟယ်လ်သုံးသပ်

နေမာ၏ ဒဏ်ရာ ပြင်းထန်ဖွယ်မရှိဘဲ ပွဲအနည်းငယ်သာ နားရလိမ့်မည်ဟု PSG နည်းပြ တူဟယ်လ်သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 30 October 2020

PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်း၏ တိုက်စစ်ကစားသမား နေမာသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သော်လည်း ပြင်းထန်ဖွယ်မရှိဘဲ ပွဲအနည်းငယ်သာ နားရလိမ့်မည်ဟု ပြောကြားခဲ့သည်။

    

နေမာသည် ဘာရှက်ဆီဟီအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ကြမ်းတမ်းသည့် ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် ခြေချင်းဝတ်ကိုကိုင်ကာ ကွင်းအတွင်း လဲသွားခဲ့သည်။ 

သို့ရာတွင် ခြေချင်းဝတ်တင်မဟုတ်ဘဲ ပေါင်ကိုပါ ထိခိုက်ခဲ့ဖွယ်ရှိပြီး ဆေးအဖွဲ့က သူ၏ ဒဏ်ရာကို စစ်ဆေးခဲ့ချိန်တွင် ဘယ်ဘက် ပေါင်ကို အဓိကကြည့်ရှုစေခဲ့သည်။ 

ယင်းနောက် သိပ်မကြာမီ နည်းပြအဖွဲ့ကို လူစားလဲပေးရန် တောင်းဆိုခဲ့ပြီး ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

    

PSG အသင်း၏ နည်းပြ တူဟယ်လ်က "သူက ကွင်းထဲကထွက်ဖို့ လှမ်းပြောခဲ့ပါတယ်။ ဒါပေမဲ့ အရမ်းနာကျင်တာမျိုးတော့မရှိပါဘူး။ သက်သောင့်သက်သာ သိပ်မရှိလို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဒဏ်ရာက သိပ်မပြင်းထန်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဖြေကိုတော့ စောင့်ကြည့်ရဦးမှာပါ။ သူ ပွဲအနည်းငယ်လောက်ပဲ နားရဖို့များပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရပြောတာဖြစ်ပြီး သိပ်တော့ မသေချာပါဘူး"ဟု ပြောကြားခဲ့သည်။ 

    

PSG အသင်းသည် ယင်းပွဲတွင် မွိုင်စ်ကိန်း၏ သွင်းဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

Most Read

Most Recent