အိမ်မဲမြို့တွင် ကြိုတင်မဲပေးရာ၌ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်အလိုက် မဲဆန္ဒရှင်စာရင်းများကို မဲစာရွက်များ ထုတ်ယူပြီးကြောင်းကို လက်မှတ်ရေးသွင်း မှတ်သားစေရမည့် မဲစာရင်းစာရွက်များမှာ ကြိုတင်မဲ စတင်ပေးရသည့် အောက်တိုဘာ ၂၉ ရက်နေ့ အထိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တစ်ခု တည်းအတွက်သာ ရရှိသေးသောကြောင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် မဲ လက်မှတ်ထုတ်ပေးပြီးကြောင်းကိုသာ မှတ် သားရေးသွင်းနေရပြီး အခြားသောမဲဆန္ဒနယ် များအတွက် မဲလက်မှတ် ထုတ်ပေးပြီးကြောင်းကို မှတ်သားရေးသွင်းနိုင်ခြင်း မရှိကြောင်း သိရသည်။
“အခုဆို ကျွန်မတို့ဘက်က ကျုံခရီပေါ့ လေ။ ပါရမီဒေါင့်ကျုံခရီမှာကျတော့ စာအိတ် က လူအယောက် ၂၀ စာ စာအိတ် မထည့် လိုက်ဖြစ်ဘူး။ စာအိတ်မထည့်လိုက်ဖြစ်ဘူး ဆိုတော့ ကြိုတင်မဲရဲ့ ထုံးစံကစာအိတ်ပါမှ ခိုင်လုံမဲဖြစ်တယ်ဆိုတော့ အဲဒီ့မှာ စာအိတ်လုံးဝ မပါသွားဘူး။ မပါသွားဘူးဆိုတာ ကျွန်မတို့ မဲရုံကိုယ်စားလှယ်က အခုမှပြောလို့ သိတာ။ သိတော့ သွားကြည့်ပြီး မေးလိုက်တဲ့ အခါကျတော့ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းချက်ဖြစ်တာ။ အားနည်းချက်ဖြစ်တော့ ကျွန်မတို့ကပြောတယ် ဒီစာအိတ် မပိတ်လိုက်ရတဲ့ မဲတွေတော်ကြာပယ်မဲ ဖြစ်သွားရင် နိုင်ငံသားတွေ အကုန်နစ်နာသွားမယ်။ အဲဒီတော့ ဘယ်လိုလုပ်ပေးမလဲ၊ ထုတ်ပြန်ကြေညာ ပေးမလားဆိုတော့ ထုတ်တော့ ထုတ်ပြန်ကြေညာလို့ မရဘူးတဲ့။ အဲဒီတော့ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီစုံတွေနဲ့ ဒီမဲဟာ စာအိတ်မပိတ်မိမှု အပေါ်တော့ ပယ်မဲလို့ မသတ်မှတ်ဘဲ အထဲကမဲအပေါ်မှာ ခိုင်လုံမဲ၊ ပယ်မဲလုပ်မယ် ဆိုပြီးတော့ အားလုံးသဘောတူပြီးတော့ လက်မှတ်ထိုးကြတယ် လို့ပြောတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာက ပြောကြားသည်။
ထို့ပြင် ကျေးရွာကော်မရှင်အဖွဲ့ခွဲ၏ အားနည်းချက်ကြောင့် ကြိုတင်မဲစာရွက်များကို စာအိတ်များအတွင်း ထည့်သွင်းမရှိဘဲ ပေးခဲ့ရသည့် မဲဆန္ဒရှင် ပြည်သူများလည်း ရှိနေကြောင်း သိရသည်။
“ကျွန်မတို့ဆီမှာ မဲလက်မှတ်တွေတော့ အကုန်ရောက်ပြီ။ မဲစာရင်းစာရွက်က ပြည်သူ့လွှတ်တော် တစ်ခုပဲ ရောက်သေးတယ်။ ဥပမာ မဲလက်မှတ် ထုတ်မယ်ဆိုရင် ပြည်သူ့လွှတ်တော်ဆိုရင် ပြည်သူ့လွှတ်တော် နေရာဘေးမှာ လက်မှတ်ထိုးရမယ်လေ။ အဲဒီစာရွက်က ပြည်သူ့လွှတ်တော် တစ်ခုပဲရောက်တယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး မရောက်ဘူး။ ဒီညနေမှ အားလုံးစုံမယ်လို့ ပြောတယ်။ အဲဒီတော့ မနေ့က ၂၉ ရက်နေ့မှာ ကြိုတင်မဲတွေ မပေးတော့ဘူးလို့ပြောပြီး နောက်တော့ ကြိုတင်မဲတွေ ပြန်စပေးမယ်လို့ လုပ်ကြတယ်။ အခုလက်မှတ်ထိုးတဲ့သူက ပြည် သူ့လွှတ်တော်မှာပဲထိုးရတယ်။ အဲဒီတော့ ဒီမဲထည့်ပြီးသား လူတွေကို အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြန် လက်မှတ်ထိုးဖို့ အလုပ်တစ်လုပ် ရှုပ်သွားတာပေါ့။ အချို့တိုင်းရင်းသားမဲပါ ပါတဲ့သူတွေဆိုရင် တိုုင်းရင်းသားမဲနေရာမှာ လက်မှတ်ထိုးရမယ်လေ။ အဲဒီလက်မှတ် ထိုးရတာတွေလည်း ပွင့်လင်းမြင်သာစွာနဲ့ အားလုံးပါတီစုံရှေ့မှာ လက်မှတ်ထိုးဖို့တော့ ပြောထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက လက်သန်းကို မှင်မတို့လိုက်တာ ဖြစ်တဲ့အတွက်ကြောင့် တကယ် မဲရုံမှာမဲပေးရမဲ့နေ့ကြရင် တကယ်မဲရုံမှာ လာပြီးတော့ မဲထပ်မပေးဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ။ ဘာလို့လဲဆိုတော့ ပုံစံ ၁၃ ထဲမှာ စာရင်းတော့သွင်းတယ်၊ မဲစာရင်း စာရွက်ထဲမှာ သူလက်မှတ် မထိုးထားဘူး။ မှင်နီမတားထားဘူးလေ။ အဲဒါက အိမ်မဲတစ်မြို့ထဲ ဖြစ်တယ်လို့တော့ ပြောတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် ကြိုတင်မဲဆန္ဒပြုရာ၌ မဲစာအိတ်များကို ကော်ကပ်ပိတ်သည့် မဲရုံများ ရှိသလို ကော်ကပ်ပိတ်ခြင်း မပြုရန် တားမြစ်နေသည့် မဲရုံများလည်း ရှိနေကြောင်း သိရသည်။