ဒဏ်ရာပြဿနာကြောင့် မာဆေးနှင့်ပွဲကိုသာမက လီဗာပူးလ်နှင့်ပွဲကိုပါ အဂွဲရိုး လွဲချော်ဖွယ်ရှိနေ

ဒဏ်ရာပြဿနာကြောင့် မာဆေးနှင့်ပွဲကိုသာမက လီဗာပူးလ်နှင့်ပွဲကိုပါ အဂွဲရိုး လွဲချော်ဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 27 October 2020

မန်စီးတီးအသင်း၏ တိုက်စစ်မှူး အဂွဲရိုးသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် မာဆေးလ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲကိုသာမက လီဗာပူးလ်နှင့်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

    

အသက်(၃၂)နှစ်ရှိပြီဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ဒူးဒဏ်ရာကြောင့် (၃)လကျော် အနားယူနေခဲ့ရရာမှ အာဆင်နယ်နှင့်ပွဲတွင်မှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ပြီး အနည်းဆုံး(၂)ပတ်ခန့် အနားယူရမည်ဖြစ်၍ လီဗာပူးလ်နှင့် အရေးကြီးပွဲကိုပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။ 

မန်စီးတီးအသင်းသည် လာမည့်ရက်ပိုင်းအတွင်း ပွဲကျပ်များဆက်တိုက် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး လီဗာပူးလ်နှင့်ပွဲကို နိုဝင်ဘာ(၈) ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မန်စီးတီးအသင်းက အဂွဲ ရိုး၏ ဒဏ်ရာကို (၂)ပတ်ခန့် အနားယူရရန်သာ မျှော်လင့်ထား သော်လည်း ဗြိတိန်မီဒီယာများကမူ တစ်လခန့် အနားယူရနိုင်သည်ဟု သုံးသပ်ထားသည်။ အဂွဲရိုး၏ ဒဏ်ရာပြဿနာနှင့် ပတ်သက်၍ မန်စီးတီးနည်းပြ ဂွါဒီယိုလာက "အာဆင်နယ်နဲ့ ပွဲမှာ သူ့ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံးပုံစံ မရှိသေးပေမယ့် တိုက် စစ်မှူး မရှိတာကြောင့် မိနစ်(၆၀)လောက် သုံးခဲ့ရပါတယ်။ ဂရုတစိုက်လည်း အနားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာထပ်ရခဲ့ပါတယ်။ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့ သည်။ 

အဂွဲရိုးသည် ၂၀၂၀ ခုနှစ်အတွင်း (၃)ကြိမ်မြောက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်နေရခြင်းမှာ အသင်းနှင့် စာချုပ်သက်တမ်း တိုးရန်အတွက် မရေမရာပိုဖြစ်လာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

Most Read

Most Recent