ပရီးမီးယားလိဂ်ပွဲစဉ်များမှ လွဲမှားသောဆုံးဖြတ်ချက်များအတွက် VARကို ပရိသတ်များ ဒေါသတကြီးဝေဖန်လျက်ရှိနေ

ပရီးမီးယားလိဂ်ပွဲစဉ်များမှ လွဲမှားသောဆုံးဖြတ်ချက်များအတွက် VARကို ပရိသတ်များ ဒေါသတကြီးဝေဖန်လျက်ရှိနေ
Published 27 October 2020

ပြီးခဲ့သည့် စနေနေ့ကကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၂-၁) ရှက်ဖီးယူနိုက်တက်နှင့် မန်ယူ (၀-၀) ချယ်လ်ဆီးပွဲများမှ လွဲမှားသောဆုံးဖြတ်ချက်များအတွက် VAR ကို ပရိသတ်များက ဒေါသထွက်နေကြပြီး လူမှုကွန် ရက်စာမျက်နှာများတွင် ပြင်းပြင်းထန်ထန်ဝေဖန်လျက်ရှိနေကြကြောင်း သိရှိရသည်။

လီဗာပူးလ် - ရှက်ဖီးယူနိုက်တက်ပွဲတွင် လီဗာပူးလ်အသင်းမှာ (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ပွဲချိန် (၁၃)မိနစ်တွင် ရှက်ဖီးယူနိုက်တက်အသင်းဘက်သို့ ပယ်နယ်တီပေးခဲ့ရခြင်းအတွက် လီဗာပူးလ်ပရိသတ်များက VAR ကို အလွန်အမင်း ဒေါသထွက်ခဲ့ကြသည်။ 

ယင်းဖြစ်ရပ်မှာ ရှက်ဖီးယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မက်ဘာနီးထံမှ ဘောလုံးကို လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုက ဖျက်ထုတ်ခဲ့ရာတွင် ပယ်နယ်တီပေးရန် ကွင်းလယ်ဒိုင်ကို VAR က အကြံပြုခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်မှာ လီဗာပူးလ်အသင်း ပယ်နယ်တီစည်းအစပ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဖာဘင်ညိုမှာ ဘောလုံးကိုထိအောင် ဖျက်ထုတ်နိုင်ခဲ့ရုံမက သူဖျက်ထုတ်စဉ် ဘောလုံးမှာလည်း ပယ်နယ်တီစည်းပြင်ပတွင်သာ ရှိခဲ့သည်။ 

ယင်းဖြစ်ရပ်၌ မူလတွင် ကွင်းလယ်ဒိုင်ဖြစ်သူ မိုက်ဒင်းက ပြစ်ဒဏ်ဘော(ဖရီးကစ်)သာ သတ်မှတ်ခဲ့သော်လည်း VAR က ပယ်နယ်တီဖြစ်ကြောင်း အကြံပြုခဲ့သည်။

သို့ဖြစ်ရာ ဒိုင်လူကြီး မိုက်ဒင်းက ပယ်နယ်တီအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။ 

ယင်းဆုံးဖြတ်ချက်အတွက် လီဗာပူးလ်အသင်း အားပေးသူပရိသတ်များမှာ လူမှုကွန်ရက်စာမျက်နှာများတွင် VAR ကို ရှုတ်ချမှုများပြုလုပ်ကာ ဝေဖန်ခဲ့ကြသည်။ 

ပရိသတ်တစ်ဦးက ''VAR ဟာ အမှန်တကယ်ကို ရှက်စရာကောင်းပါတယ်။ ဖာဘင်ညိုဟာ ဘောလုံးကိုသာ ဖျက်ထုတ်နိုင်ခဲ့တာမဟုတ်ပါဘူး။ ဘောလုံးကလည်း ဂိုးဧရိယာပြင်ပမှာရှိနေတာပါ''ဟု ရေးသားခဲ့သလို၊ အခြားပရိ သတ်တစ်ဦးကလည်း ''ဒါဟာ လီဗာပူးလ်ကို ဆန့်ကျင်နေတာပါပဲ။ ဒီလိုမျိုးဖျက်ထုတ်မှုမျိုးဟာ နှစ်ပေါင်းသန်း(၁၀၀)အတွင်း ပယ်နယ်တီမဖြစ်နိုင်ပါဘူး''ဟု ရေးသားခဲ့သည်။

ယင်းပွဲမတိုင်မီကစားခဲ့သော မန်ယူ - ချယ်လ်ဆီးပွဲတွင် ချယ်လ်ဆီးအသင်းဘက်သို့ ပယ်နယ်တီပေးရမည့်ဆုံးဖြတ်ချက်တစ်ခုကို ပျက်ကွက်ခဲ့သည့် VAR ကိုလည်း ပရိသတ်များက ဝေဖန်ပြစ်တင်ခဲ့ကြသည်။ 

ယင်းပွဲတွင် မန်ယူအသင်းဂိုးဧရိယာအတွင်း ဘောလုံးကိုအပြိုင်ခေါင်းခုန်တိုက်ရာတွင် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကို နောက်မှ အားပါးတရဖက်ကာခေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်တွင် မက်ဂွိုင်းရား၏လုပ်ရပ်ကို VAR က အရေးမယူခဲ့ဘဲ ပယ်နယ်တီအဖြစ် မသတ်မှတ်ခြင်းအတွက် ပရိသတ်များက ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။ 

ပရိသတ်တစ်ဦးက ''ဒီညနေပွဲမှာ မက်ဂွိုင်းရားက အက်ဇ်ပီလီကွယ်တာကို ဖက်အိပ်သလိုဖက်ခဲ့ပါတယ်။ ဒါပေမဲ့ ပယ်နယ်တီမဖြစ်ခဲ့ပါဘူး။ ဖာဘင်ညိုကတော့ ဘောလုံးကို ဖျက်ထုတ်နိုင်တာတောင် ပယ်နယ်တီပေးခဲ့ရပါတယ်။ VAR ရဲ့ တစ်သမတ်တည်းမရှိတဲ့ ဆုံးဖြတ်ချက်တွေက ရှက်စရာပါပဲ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent