ပရီးမီးယားလိဂ် သတင်းတိုများ

ပရီးမီးယားလိဂ် သတင်းတိုများ
Published 27 October 2020

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အသင်း၏ တောင်ပံကစားသမား ဆွန်ဟောင်မင်သည် ကမ္ဘာ့အဆင့်ကစားသမားအဖြစ်သို့ ရောက်ရှိနေပြီးဖြစ်ကာ သူသာ ပေါက်ကရလုပ်ရပ်များကို လုပ်တတ်သူဖြစ်ပါက သတင်းစာများ၏ ခေါင်းစည်းတွင် အမြဲပါနေမည့်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်လက်ရွေးစင်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် မာကိုဗန်ဘက်စတန်က မန်ယူအသင်းတွင် အရန်ခုံထိုင်နေရသည့် ဗန်ဒယ်ဘိခ်၏ အနာဂတ်အတွက် စိုးရိမ်မိကြောင်းနှင့် ဗန်ဒယ်ဘိခ်သည် အချိန်အနည်းငယ်စောင့်ပြီး အခြားကလပ်အသင်းတစ်သင်းသိ့ု ပြောင်းရွှေ့ခဲ့သင့် ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့် ဗစ်တာဖောင့်က မန်စီးတီးအသင်း၏ နောက်ခံလူ အဲရစ်ဂါစီယာကို ပြန်လည်ခေါ်ယူမည့်အစီအစဉ်အား ထောက်ခံပြောဆိုမှုများပြုလုပ်ခဲ့ပြီး သူသာ ဥက္ကဋ္ဌ ဖြစ်လာခဲ့လျှင်လည်း ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း၏ ဂန္ထဝင်ကစားသမားဟောင်း လော်ရိုက လီဗာပူးလ်အသင်းအနေဖြင့် ဗန်ဒိုက်အနားယူရမည့် အခြေအနေတွင် ဝုလ်ဗ်အသင်း၌ ခြေစွမ်းပြကစားနေသည့် အသင်း၏နောက်ခံလူဟောင်း ကိုအာဒီကို ပြန်လည် ကြိုးပမ်းသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက လက်စတာအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် မိမိတို့အတွက် ဦးဆောင်ဂိုးဖြစ်စေမည့် လာကာဇက်၏ သွင်းဂိုးကို VAR ကြည့်ပြီး ငြင်းဆန်ပယ်ချခဲ့ခြင်းအတွက် နားမလည်နိုင်အောင် ဖြစ်မိကြောင်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ဂျော်ဒန်ဟန်ဒါဆန်က မိမိတို့အသင်းသည် မန်စီးတီးအသင်း၏ ကွင်းတွင်ကစားမည့်ပွဲစဉ်အပါအဝင် (၁၂)ရက်အတွင်း (၄)ပွဲကစားရမည်ဖြစ်သော်လည်း ပွဲဆက်များနေခြင်းကို အကြောင်းပြချက်အဖြစ် ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ 

Most Read

Most Recent