ကမ္ဘာ့ကပ်ရောဂါ COVID-19 ပြန့်ပွားမှု မရှိစေရေးအတွက် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံကုန်သွယ် ကူးသန်းသွားလာမှုကို ကန့်သတ်ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသတွင်းစားသုံးမှု စျေးကွက်ကို ရိုက်ခတ်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ရပ်ဆိုင်းထားသလို COVID ကြောင့် ပြည်တွင်း၌လည်း အသွားအလာ ကန့်သတ်ထားသည့်အတွက် ကုန်ပစ္စည်း သယ်ယူရောင်းချရာတွင် အခက်အခဲဖြစ်ခြင်း စျေးနှုန်းမြင့်တက်လာခြင်းတို့ ရှိသည်ဟု ဆိုသည်။
COVID-19 ကြောင့် အသွားအလာ စျေးသွားစျေးဝယ်လျော့နည်းလာသလို စျေးဦးမပေါက်သည့်နေ့ပင် ရှိကြောင်း ဘုရင့်နောင်စျေးအတွင်းမှ စျေးသည်များက ပြောကြားသည်။
မြဝတီမြို့ ဘုရင့်နောင်စျေးမှ သစ်သီးမျိုးစုံရောင်းချသူတစ်ဦးက “ ပြည်တွင်းက မှာယူရောင်းချတာ ခရီးဝေးတော့ သစ်သီးတွေ နာလာတယ်။ စျေးလည်းပိုလာတယ်။ အသီးတွေလည်း မလတ်ဆတ်တော့ဘူး။ ရောင်းပန်း မလှဘူး။ ထိုင်းဘက်က ဝယ်ရောင်းတာက နီးတယ်လေ။ တစ်နေ့စာကုန်သလောက်သွား ဝယ်တော့ လတ်လတ်ဆတ်ဆတ် လူကြိုက်များပါတယ်။ ၂၆ ရက်နေ့ တံတားဖွင့်ဖို့ကိုပဲ မျှော်လင့်နေရပါတယ်” ဟု ဆိုသည်။
ဘုရင့်နောင်စျေးတွင် စားသုံးဆီအပါးအဝင် စားကုန်ရောင်ချသော မမိုးဖြူကလည်း တံတားမှ ကုန်သွယ်မှုကို ပိတ်လိုက်သည့်အတွက် ပုဇွန်နှစ်ကောင်စားဆီ၊ နို့ဆီ၊ အချိုရည်စသဖြင့် ပစ္စည်းတစ်မယ်လျှင် ကျပ် ၅ဝဝမှ ၁၀၀၀ ထိ စျေးနှုန်း မြင့်တက်သွားသည်ဟု ဆိုသည်။
မြဝတီဘက်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အသား၊ ငါး၊ စားသောက်ကုန်အချို့ စျေးတက်လာသော်လည်း မဲဆောက်စျေးကွက်တွင် မြန်မာဘက်မှ ဝယ်လိုအားမရှိ၍ ကုန်စျေးနှုန်း ထိုးကျသွားကြောင်း သိရသည်။
မဲဆောက်မြို့၌ နေသူတစ်ဦးက မြန်မာနိုင်ငံဘက်သို့ နေ့စဉ်တင်ပို့နေသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစုံ စားသောက်ကုန် လူ့အသုံးအဆောင် ရောင်းချသူများမှာ နှစ်နိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းကို ဆောလျင်စွာ ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်နေကြသည်ဟု ဆိုသည်။















