ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ဝန်းရံထောက်ခံသူ အင်အား ထောင်နှင့်ချီ လှည့်လည်မဲဆွယ်

ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ဝန်းရံထောက်ခံသူ အင်အား ထောင်နှင့်ချီ လှည့်လည်မဲဆွယ်
Published 22 October 2020
ဘိုဘိုမြင့်

ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ထောက်ခံသူ အင်အား ထောင်နှင့်ချီ၍ ယနေ့ (အောက်တိုဘာ ၂၂ ရက်) နံနက်ပိုင်းက အင်အားပြ လှည့်လည်မဲဆွယ်စည်းရုံးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို ့ဒီနေ ့လှည့်လည်ပွဲကို ပေါင်မြို့နယ် သဗြုချောင်း ကျေးရွာကနေစပြီးတော့ ထွက်လာကြပါတယ်။ အဲ့ဒီကနေ ပေါင်မြို့ကို ဖြတ်ပြီးတော့ ထန်းပင်ချောင်ကြီး ကျေးရွာအထိ သွားပါမယ်။ အဲ့ဒီကနေ အလှပ်ကျေးရွာ၊ ပြီးတော့ မုတ္တမဘက်သွားပါမယ်။ မုတ္တမကနေ လက်ပံတော ကျေးရွာအထိ သွားပါမယ်။ အဲ့ဒီ လက်ပံတော ကျေးရွာမှာ တစ်ချက်နားပြီးရင် ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ သဲအိမ်၊ နတ်မှော်စတဲ့ ကျေးရွာတွေဘက်ကို သွားပါမယ်။ ပြီးရင်တော့ ကျုံကကျေးရွာဘက်ကနေ ပြန်ထွက်လာပြီးတော့ ပေါင်မြို့ကို ပြန်လာကြမှာပါ။ ပေါင်မြို့နယ်ကို တစ်ပတ်လှည့်တဲ့ သဘောပါဘဲ” ဟု မွန်ညီညွတ်ရေးပါတီ (MUP) ရွေးကောက်ပွဲ အောင်နိုင်ရေး ထောက်ခံဝန်းရံသူ တစ်ဦးဖြစ်သူ နိုင်သိန်းစောင်က ပြောကြားးသည်။

ယနေ ့လှည့်လည်ပွဲတွင် ပေါင်မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားများ နေထိုင်ကြသည့် ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံ မွန်ပြည်သူ အများအပြား လာရောက် ဝန်းရံပေးကြကြောင်းနှင့် ဒီမိုကရေစီ ဖယ်ဒရယ်မူ စစ်စစ်ဖြင့် နိုင်ငံတော်ကို ရှေ့ဆက်သွားစေချင်သည့် အတွက်ကြောင့် တိုင်းရင်းသားပါတီများအား ဝန်းရံပေးကြခြင်း ဖြစ်ကြောင်း နိုင်သိန်းစောင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဒီနေ့လှည့်လည်ပွဲကို လာရောက် ပူးပေါင်းကြတဲ့သူတွေ အားလုံးကို Mask တပ်လာကြဖို့ မှာထားပါတယ်။ ကျွန်တော်တို့ကလည်း ဝေငှထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ ကလည်း ဒီလောက်လူများမယ်လို့ မထင်ထားဘူး” ဟု နိုင်သိန်းစောင်က ဆက်လက်ပြောကြားသည်။

မိမိဒေသ ဖွံ ့ဖြိုးတိုးတက်ရေးအတွက်နှင့် ကိုယ်ပိုင်အခွင့်အရေးများ ရရှိစေရေး အတွက်ကြောင့် မွန်ညီညွတ်ရေးပါတီ (MUP) အား လာရောက်ဝန်းရံရခြင်း ဖြစ်ကြောင်း ပေါင်မြို ့နယ် ထန်းပင်ချောင်ကြီး ကျေးရွာနေ  နိုင်ချစ်သန်းက ပြောကြားသည်။

“ကျွန်တော်တို့ မွန်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ မွန်တိုင်းရင်းသားတွေရော၊ တခြားသော တိုင်းရင်းသားတွေပါ တန်းတူအခွင့်အရေးတွေ ရရှိစေချင်တယ်။ ဒါ့ကြောင့် တိုင်းရင်းသားပါတီတွေကို မဲပေးကြပါလို ့ပြောချင်ပါတယ်” ဟု နိုင်ချစ်သန်းက ဆက်လက်ပြောကြားသည်။

လာမည့် နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ (MUP) မှ ပေါင်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာအတွက် ဒေါ်ယဉ်ယဉ်နု (ခ) မိကျေဝကျေဝ်ညီ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာအတွက် ဦးမြင့်ဦး (ခ) နိုင်လင့်လင့်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာအတွက် ဦးသက်ထွန်း (ခ) အပါးချမ်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) နေရာအတွက် ဦးချမ်းမြေ့တို့မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ (MUP) မှ ကိုယ်စားလှယ်လောင်းများနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထေင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၂၅) ဦးတို့မှ ပေါင်မြို့နယ် အတွင်းရှိ မဲဆန္ဒနယ် (၄) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent