ဂုတ်တွင်းလမ်းပေါ်တွင် ကုန်တင်ယာဉ် နှစ်စီးတိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့

ဂုတ်တွင်းလမ်းပေါ်တွင် ကုန်တင်ယာဉ် နှစ်စီးတိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့
Published 22 October 2020
ထွန်းနေလှိုင်(နောင်ပိန်)

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ကုန်တင်ယာဉ် နှစ်စီးတိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ် ၊ ဂုတ်တွင်းလမ်း မိုင်တိုင်အမှတ် (၈၄) ၂ ဖာလုံ နှင့် ၃ ဖာလုံကြားတွင် ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ အပ်ချုပ်စက် တင်နာအရည် (၂၉) တန် တင်ဆောင်၍ ဦးတည်မောင်းနှင်လာသည့် 3L/ …. (၁၈) ဘီးတပ် ကုန်တင်ယာဉ်သည် လမ်းကွေ့ကြောအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းနိုင်ခြင်း မရှိပဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဂုတ်တွင်းလမ်း ယာဉ်ကြောကြပ်တည်းကာ လမ်းပိတ်ဆို့မှု ရှည်ကြာစွာ မဖြစ်စေရန် အမှတ် (၁၂၄) ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ်စောဝင်း နှင့် တပ်ဖွဲ့ဝင်များ ၊ဂုတ်တွင်းလမ်း ရဲကင်းရှိ တပ်ဖွဲ့ဝင်များနှင့် အော်ရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူများက တိမ်းမှောက်ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများ ဖယ်ရှားကာ ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ခဲ့ကြကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ ဦးတည်မောင်းနှင်လာသော အထည်လိပ်များ တင်ဆောင်လာသည့် ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းမှာ ၂၂ ဘီး ကုန်တင်ယာဉ် ထပ်ပြီး မှောက်တာပေါ့။ မနေ့ညက မှောက်တဲ့ နေရာမှာပဲ မှောက်တာပါ။ အထည်လိပ်တွေ တင်လာတဲ ့ကုန်တင်ကား ဖြစ်ပါတယ်။ အပေါ်ဝိတ် မနိုင်ဘဲ ကွေ့တဲ့အချိန်မှာ လဲသွားတာပေါ့။ မိုင်တိုင်အမှတ် (၈၃) နားမှာ မှောက်တာပါ။ မနေ့ညက မှောက်တဲ့နေရာနဲ့ အထက်အောက်ပေါ့။ အခုလမ်းရှင်းနေပါပြီ။ သိပ်မကြာလောက်ပါဘူး။ လမ်းပြန်ပွင့်မှာပါ” ဟု အမှတ် (၁၂၄) ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ်စောဝင်း ကပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဂုတ်တွင်းလမ်းတွင် ကုန်တင်ဆောင်မှုများသော ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိပြီး လမ်းပြန်ပွင့်ချိန်တွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အလုအယက် မောင်းနှင်ကျော်တက်မှုများကြောင့် လမ်းပိတ်ဆို့မှု ရှည်ကြာမှုများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

Most Read

Most Recent